ပါဆယ်ထုတ်ပြီးပို့တာပါ။

မန္တလေးကနေ နယူဇီလန်နိုင်ငံကို မူးယစ်ဆေးဝါးတွေ အမြန်ချောပို့စနစ်နဲ့ ပို့ဆောင်ဖို့ ကြိုးစားသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

Photo - Mandalay Police

မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ( တောင်)ရပ်ကွက်က ဟိုတယ်မန္တလေးမှာ ဖွင့်လှစ်ထားတဲ့ DHL အမြန်ချောပို့ ပါဆယ်ပစ္စည်းပို့လုပ်ငန်းကို အပ်နှံလာတဲ့ မသင်္ကာဖွယ် ကတ္ထူပုံး(၁)ပုံး တွေ့ရှိရကြောင်း သတင်းအရ မတ်လ ၂၃ ရက်နေ့ မနက်က မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့ မူးယစ်အထူးအဖွဲ့သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုသို့ စစ်ဆေးခဲ့ရာ ကတ္ထူပုံးအတွင်းမှာ ခဲစက္ကူနဲ့ ပတ်ထားတဲ့ အိုက်(စ်)(၁၇၅၀) ဂရမ်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပစ္စည်းတွေဟာ ကာလတန်ဖိုးအားဖြင့် ကျပ် ၃၅၀ သိန်း ဖြစ်တယ်လို့ သိရပါတယ်။

Photo - Mandalay Police

အဲ့ဒီမူးယစ်ဆေးတွေဟာ နယူဇီလန်ကို ပို့ဆောင်ဖို့ လာရောက်အပ်နှံခဲ့တဲ့အတွက် CCTV မှတ်တမ်းကို ပြန်လည်ကြည့်ရာမှာ လာပို့သူတွေစီးလာတဲ့ ကားကိုသိရတာကြောင့် ဆက်လက် ရှာဖွေမှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် အဆိုပါကားကို အောင်မြေသာစံမြို့နယ်၊ (၈၁)လမ်းနှင့် (၁၇×၁၈)လမ်းကြားမှာ တွေ့ရှိပြီး ယာဉ်ပိုင်ရှင်ဖြစ်သူ အောင်မြေသာစံမြို့နယ်၊ မေဃသီရိ ရပ်ကွက်နေ မယုံယုံ နဲ့ ကွမ်းလုံမြို့နယ်၊ နမ့်ကျွမ်ကျေးရွာနေ ကျွမ်းစင် တို့ (၂)ဦးကို သက်သေခံယာဉ်နဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်။

ထို့နောက် ထပ်မံစစ်ဆေးချက်အရ ကွမ်းလုံမြို့နယ်နေ ကျန်ဟုန်(ခ)ကျန်ဖဟုန်ရဲ့ဆက်သွယ်ပေးမှုနဲ့ အမည်မသိလူ(၁)ဦးက မူးယစ်ဆေးဝါးထုတ်ကို ဟိုတယ်မန္တလေးကနေ အမြန်ချောပို့ရုံးကို တရုတ်ယွမ်ငွေ (၁,၀၀၀) နဲ့ ပို့ဆောင်ခိုင်းခဲ့တာကြောင့် ပို့ဆောင်ပေးတာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အဲ့တာကြောင့် ကျူးလွန်သူတွေဖြစ်တဲ့ ကျွမ်းစင်၊ မယုံယုံနဲ့ ကျန်ဟုန်(ခ)ကျန်ဖဟုန် တို့(၃)ဦးကို မဟာအောင်မြေ မြို့မရဲစခန်းက မယ(ပ)၁၆/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က