ရတနာပုံ (မန္တလေး)မြို့တည်နန်းတည် နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို မန္တလေးမြို့ရဲ့အထင်ကရနေရာ ၃ ခုမှာ ၃ ရက်တိုင်အောင်ကျင်းပသွားမှာဖြစ်ပါတယ်။
ရတနာပုံ (မန္တလေး)မြို့တည်နန်းတည် နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို မန္တလေးမြို့ရဲ့အထင်ကရနေရာ ၃ ခုမှာ မေလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
"ပွဲတော်က ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ၃ ရက်ကျင်းပမှာပါ၊ ၂၄ ရက်နေ့မနက် ၉ နာရီမှာ သံဃာတော် ၁၀၈ ပါးကိုဆွမ်းကပ်ပါမယ်၊ မင်းတုန်းမင်းကြီးရဲ့သားတော်သမီးတော် ၁၀၈ ပါးအတွက်ရည်စူးတာပါ၊ နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်အတွက်ကျတော့ နောက်နေ့ ၂၅ ရက်နေ့မှာ ဆွမ်းဆန်စိမ်းလောင်းမှာပါ၊ မြနန်းစံကျော်ရွှေနန်းတော်ကြီးရဲ့စမုခ်ဆောင် မှာကျင်းပသွားမှာပါ" လို့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင် မြန်မာနိုင်ငံတော်ဝင်အနွယ်တော်များအစည်းအရုံး တွဲဖက်အတွင်းရေးမှူးထိပ်တင်ဝဏ္ဏစိုး(ဟင်္ဂမော်အနွယ်တော်)က Duwun ကိုပြောပါတယ်။
မေလ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိကျင်းပသွားမယ့်အစီအစဉ်အတွက် မေလ ၂၄ ရက်နေ့မနက်ပိုင်းမှာ မန္တလေးနန်းမြို့ မြနန်းစံကျော်ရွှေနန်းတော်ရဲ့အရှေ့စမုခ်ဆောင်မှာ ဆရာတော်သံဃာတော် ၁၀၈ ပါး အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ညနေပိုင်းမှာ စန္ဒာမုနိဘုရားအနီး ၁၂ လမ်း နဲ့ ၆၆ လမ်းထောင့်စိုက်ထူထားတဲ့ မြို့တည်နန်းတည်နှစ် ၁၆၀ ပြည့်အထိမ်းအမှတ်ပွဲတော် မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပခြင်း၊ မေလ ၂၅ ရက်ညနေပိုင်းမှာ ကျုံးမြောက်ဘက်ခြမ်း သုဓမ္မာဇရပ်တန်းရှေ့ သံဃာတော်အပါး ၁၆၀ အား ဆွမ်းဆန် စိမ်းလောင်းလှူခြင်း တို့ကျင်းပသွားမှာဖြစ်ပြီး ၃ ရက်တိုင်အောင် ပွဲလမ်းသဘင်တွေနဲ့စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးအစိုးရရဲ့အားပေးကူညီပံ့ပိုးမှုနဲ့ ကျင်းပသွားမှာလည်းဖြစ်ပြီး ဒီပွဲတော်အတွက် မြန်မာနိုင်ငံတော်ဝင်အနွယ်တော်များအစည်းအရုံးကပဲ ဦးဆောင်စီစဉ်တာဖြစ်တယ်လို့သိရ ပါတယ်။
"အစိုးရကလည်းအားပေးကူညီပါတယ်၊ အမျိုးသားဇာတ်ရုံလိုနေရာမျိုးရတဲ့အတွက် အဲဒီမှာက စာပေဟောပြောပွဲတွေ၊ သမိုင်းဓာတ်ပုံပြပွဲတွေပါမယ်ပေ့ါဗျာ၊ ပွဲတော်ကျင်းပတဲ့စန္ဒာမုနိ ဘုရားနားမှာကျတော့ ဇာတ်ပွဲတွေပါမယ်၊ အငြိမ့်ပွဲတွေလည်းပါဝင်ချင်ရင်ကျွန်တော်တို့နဲ့ဆက်သွယ်နိုင်ပါတယ်၊ တစ်ခြားပွဲလမ်းသဘင်တွေနဲ့စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာပါ" လို့လည်း ၎င်းကဆိုပါတယ်။
ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတုန်းမင်းတရားကြီးတည်ထောင်ခဲ့တဲ့ ရတနာပုံမ်ရွှေမြို့တော်(မန္တလေး) မြို့တည်နန်းတည် နှစ် ၁၆၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို မြန်မာနိုင်ငံတော်ဝင်အနွယ်တော်များ အစည်းအရုံးကကြီးမှူးပြီး ဆွေတော်မျိုးတော်များ၊ မန္တလေးသူမန္တလေးသားများနဲ့ အများ ပြည်သူပူးပေါင်းကျင်းပကြမှာဖြစ်တယ်လို့သိရပါတယ်။