• မန္တလေးတိုင်းရှိ မြို့နယ် (၆) ခုမှာ အပင် ၁၅၀၀၀ ကျော်စိုက်ပျိုးမည်

မန္တလေးမြို့တော်စည်ပင်က ဦးဆောင်လုပ်တာပါ။

မန္တလေးတိုင်းရှိ မြို့နယ် (၆) ခုလုံး အရိပ်ရတဲ့ အပင် မရှိတဲ့နေရာတွေမှာ အပင် ၁၅၁၀၀ စိုက်ဖို့ လျာထားတယ်လို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

image

Photo- Ye Lwin Fb

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာန က မိုးရာသီ အရိပ်ရသစ်ပင် စံချိန်တင် စိုက်ပျိုးမယ့် စီမံချက် အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှာ အပင်ရေ ၂၅၀၀၊ ချမ်းအေးသာစံမြို့နယ်မှာ အပင်ရေ ၁၀၅၀၀၊ မဟာအောင်မြေမြို့နယ်မှာ အပင်ရေ ၂၅၀၀၊ ချမ်းမြသာစည်မြို့နယ်မှာ အပင်ရေ ၃၁၀၀၊ ပြည်ကြီးတံံခွန်မြို့နယ်မှာ ၃၁၀၀၊အမရပူရမြို့နယ်မှာ ၂၈၅၀ စိုက်ပျိုးသွားဖို့ လျာထားကြောင်း သိရပါတယ်။

အပင်တွေကို လမ်းအလိုက်စိုက်ပျိုးသွားပြီး နေ့စဉ် ရေလောင်းတာ၊ tree guard ဝါးခြင်းကာရံတာ၊ ပေါင်းသင်မြက်ရှင်းနဲ့ သေပင်ကို အပင်သစ်လဲတာတွေ လုပ်သွားမယ်လို့ မြို့တော်ဝန်က ရေးသားထားပါတယ်။

လမ်းတွေ ပေါ်မူတည်ကာ တစ်လမ်းစီကို အပင်တစ်မျိုးစီ စိုက်သွားမှာ ဖြစ်ပြီး ကက္ကိုလ်၊ ခရေ၊ စိန်ပန်း၊ တမာ၊ မယ်ဇယ်၊ သင်္ဘောတယ်၊ ငု၊ သရက်၊ စွယ်တော်၊ ဗန်ဒါ၊ တရုတ်စကား၊ မယ်ဇလီ၊ ကံ့ကော်၊ ပိတောင်၊ မန်ကျည်း၊ ပုန်းညက်၊ သင်းဝန်ပြာ၊ ကသစ်ကြား၊ ဖွားဖက်တော်၊ တပြေဘူတ အပင်တွေ စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။


image

Photo- Ye Lwin FB

မန္တလေးမြို့သူ မြို့သားတွေအနေနဲ့ အပင်စိုက်စေချင်တဲ့ နေရာတွေ ရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် မြို့နယ်စည်ပင်ရုံးတွေကို အကြောင်းပါက ပျိုးပင်တွေ ဝေပေးမှာဖြစ်ပြီး မြို့တော်စည်ပင်ကိုစိုက်စေချင်တယ်ဆိုပါကလည်း မြေကျင်းတူး၊မြေဆွေးထည့်တာနဲ့ အပင်စိုက်တာတွေအားလုံးလုပ်ဆောင်ပေးမယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။

“ ရေပုံမှန်လောင်းပေးဖို့ပဲလိုမှာပါ။ပျိုးပင်တွေကို အရွယ်အစားနဲ့ အသက်ပေါ်မူတည်ပြီး အိပ်အရောင်နဲ့ခွဲခြားထားပါတယ်။ပျိုးခြံတွေမှာ ၃နှစ်ကနေ ၅နှစ်ကျော်အထိ ပြုစုထားတဲ့ပျိုးပင်တွေကို ဒီနှစ်ထဲ အများဆုံးစံချိန်တင်စိုက်ပျိုးသွားမှာပါ။” လို့ လူမူကွန်ရက်စာမျက်နှာမှာ ရေးသားထားတာပါ။

အပင်ကြဲနေတဲ့နေရာတွေ၊ ကွက်လပ်ဖြစ်နေတဲ့နေရာတွေနဲ့ အရင်ကစိုက်ခဲ့ပြီး သေသွားတဲ့ အပင်နေရာတွေမှာစိုက်ဖို့ အပင် ၅သောင်းကျော်ရှိနေသေပြီး မြေကွက်လပ်တွေ ရှာဖွေပြီး ထပ်မံစိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

နောင်နှစ်တွေမှာ မြို့ပတ်ဝန်းကျင်အထိ ပါတိုးချဲ့ စိုက်ပျိုးနိုင်အောင် ပန်းခြံတွေမှာ အပင်တစ်သိန်းကျော် စိုက်ပျိုးထားတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က