COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ ဩစတြေးလျနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မဲလ်ဘုန်းမြို့မှာ lockdown လုပ်ထားပြီး mask တပ်ရန် အမိန့်ထုတ်ညွှန်ကြားထားပေမဲ့ ကူးစက်ဖြစ်ပွားမှုတွေကို ထိန်းချုပ်နိုင်ရန် သီတင်းပတ်များနဲ့ချီ ကြာမြင့်နိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ယာယီအကြီးအကဲက ဇူလိုင် ၂၀ ရက်နေ့မှာ ပြောပါတယ်။

(Photo: EPA-EFE)
ဩစတြေးလျဟာ COVID-19 ကူးစက်မှု ဒုတိယလှိုင်းအတွက် ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ ဇူလိုင်လအတွင်း ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်မှုတွေ မြင့်တက်လာပြီး အထူးသဖြင့် ပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မှာ အများဆုံးတွေ့ရပါတယ်။ ဩစတြေးလျမှာ ဇူလိုင် ၂၀ ရက် စာရင်းအရ COVID-19 ကြောင့် သေဆုံးသူ နောက်ထပ်တစ်ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၁၂၃ ဦး ဖြစ်လာခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။
(Photo: AFP)
(Photo: Reuters)
ဇွန်လအတွင်းက ဗစ်တိုးရီးယားနဲ့ ကျန်ရှိတဲ့ ဩစတြေးလျရဲ့ နေရာဒေသတွေမှာ နေ့စဥ် ကူးစက်မှုအသစ် ဂဏန်းတစ်လုံး သို့မဟုတ် ဂဏန်းနှစ်လုံး အရေအတွက်သို့ လျော့နည်းခဲ့တာလည်း ဖြစ်ပါတယ်။ ဩစတြေးလျမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်မှု ၁၂,၀၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပြီး အခြား နိုင်ငံတွေမှာထက် အရေအတွက်နည်းပါးခဲ့ကာ ရောဂါကူးစက်ဖြစ်ပွားမှုကိုလည်း ပြည်နယ်အများစုမှာ ထိထိရောက်ရောက် ထိန်းချုပ်ရပ်တန့်နိုင်ခဲ့ပါတယ်။ သို့သော် ဗစ်တိုးရီးယားပြည်နယ်မှာတော့ ကူးစက်ဖြစ်ပွားမှုတွေ ပြန်ဖြစ်လာပြီး အိမ်နီးချင်း New South Wales ပြည်နယ်မှာလည်း နေ့စဥ် ကူးစက်မှုအသစ်တွေ မြင့်တက်နေပါတယ်။