မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ရာဇက်ခ်ရဲ့ အမှုကို လာမယ့်နှစ် ဖေဖေါ်ဝါရီ ၁၂ ရက်မှာ စတင်ကြားနာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ နဂျစ်ဟာ ယုံကြည်မှုချိုးဖောက်တဲ့ ရာဇဝတ်မှု၊ အာဏာအလွဲသုံးစားပြုမှုနဲ့ ငွေကြေးခဝါချမှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။
(မလေးရှားဝန်ကြီးချုပ်ဟောင်းနဂျစ်) (Photo: AFP)
အဆိုပါ စွဲချက်အားလုံးဟာ ဝန်ကြီးချုပ်ဟောင်းနဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို ၎င်းလက်ထက်မှာ တည်ထောင်ခဲ့တဲ့ အစိုးရပိုင် 1Malaysia Development Berhad (1MDB) လက်အောက်ခံ SRC International ကုမ္ပဏီမှ မလေးရှားရင်းဂစ်ငွေ ၄၂ သန်း (အမေရိကန်ဒေါ်လာ ၁၀.၃ သန်း) လွှဲပြောင်းမှုနဲ့ ဆက်စပ်နေပါတယ်။ ကွာလာလမ်ပူ တရားရုံးချုပ်က နဂျစ်ရဲ့အမှုကို ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်မှ ၂၈ ရက်နဲ့ မတ်လ ၄ ရက်မှ ၂၉ ရက်မှာ ကြားနာစစ်ဆေးသွားမယ်လို့ ယနေ့ (သြဂုတ် ၁၀ ရက်) ကြေညာခဲ့တာဖြစ်ပါတယ်။
နဂျစ်ရဲ့အမှုကို တရားရုံး ကြားနာစစ်ဆေးရာမှာ သက်သေ ၅၀ ဝန်းကျင်ကို ဆင့်ခေါ်သွားရန် မျှော်လင့်ထားကြောင်း အစိုးရရှေ့နေတွေက ပြောခဲ့ပါတယ်။ ၎င်းရဲ့အမှုကိစ္စကို တရားစီရင်ခြင်းမပြုမီ မီဒီယာတွေမှာ ဖော်ပြခြင်းမပြုရေး တားမြစ်ပိတ်ပင်ပေးရန် နဂျစ်ရဲ့ လျှောက်ထားမှုကိုလည်း တရားရုံးချုပ်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။
(နဂျစ်နဲ့ဆက်နွယ်တဲ့ ကွန်ဒိုတိုက်ခန်းမှ သိမ်းဆည်းခဲ့သည့် သေတ္တာများ) (Photo: AP)
မလေးရှားဝန်ကြီးချုပ်ဟောင်း နဂျစ်ကို ယခုသီတင်းပတ်အတွင်း သြဂုတ် ၈ ရက်မှာ ငွေကြေးခဝါချမှုသုံးခုဖြင့် နောက်ထပ် စွဲချက်တင်လိုက်ပါတယ်။ အသက် ၆၅ နှစ်အရွယ် နဂျစ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းမှာလည်း ယုံကြည်မှုဖောက်ဖျက်တဲ့ ရာဇဝတ်မှုသုံးခုနဲ့ အာဏာအလွဲသုံးစားပြုမှုတို့ဖြင့် စွဲချက်တင်ထားခဲ့ပါတယ်။ နဂျစ်ကတော့ ၎င်းကို စွဲချက်တင်ထားမှုတွေအတွက် အပြစ်မရှိကြောင်း ပြောထားပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ကို စွဲချက်တင်ထားတဲ့ ငွေကြေးခဝါချမှုတွေဟာ ထောင်ဒဏ် ၁၅ နှစ်အထိနဲ့ တရားမဝင် ငွေလွှဲပြောင်းမှုတစ်ခုအတွက် မလေးရှားရင်းဂစ်ငွေ ၅ သန်း ဒဏ်ငွေချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
(နဂျစ်နဲ့ဆက်နွယ်တဲ့ နေရာများမှ သိမ်းဆည်းခဲ့သည့် လက်ဝတ်ရတနာများ) (Photo: CNA)
ဇူလိုင်လ အစောပိုင်းမှာ နဂျစ်ကို စွဲချက်တင်ထားခဲ့တဲ့ ယုံကြည်မှုဖောက်ဖျက်တဲ့ ရာဇဝတ်မှုနဲ့ အာဏာ အလွဲသုံးစားမှုတွေကတော့ ထောင်ဒဏ် နှစ် ၂၀ စီ ကျခံရနိုင်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းနဂျစ်ဟာ အဂတိလိုက်စားကြောင်း စွပ်စွဲမှုတွေနဲ့ ကာလရှည်ကြာ ရင်ဆိုင်နေခဲ့ရပြီး အစိုးရပိုင် 1MDB ဘဏ္ဍာငွေထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို ရယူခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။
ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်က နဂျစ် တည်ထောင်ခဲ့တဲ့ 1MDB ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပျောက်ဆုံးနေမှုကိုလည်း စင်ကာပူ၊ အမေရိကန်နဲ့ ဆစ်ဇွာလန် အပါအဝင် အနည်းဆုံး နိုင်ငံခြောက်ခုမှာ စုံစမ်းစစ်ဆေးနေပါတယ်။
(မလေးရှားဝန်ကြီးချုပ် မဟာသီယာ) (Photo: CNA)
1MDB အရှုပ်အထွေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုအရ နဂျစ်ရဲ့နေအိမ်နဲ့ ၎င်းနဲ့ဆက်နွယ်နေတဲ့ နေရာတွေကို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့ပြီး ငွေများနဲ့ အဖိုးတန်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
သိမ်းဆည်းခဲ့တဲ့ ငွေနဲ့အဖိုးတန်ပစ္စည်းများရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၇၃ သန်းရှိကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ နဂျစ်ဟာ မေလ ၉ ရက် မလေးရှား အထွေထွေရွေးကောက်ပွဲမှာ တစ်ချိန်က ၎င်းရဲ့ဆရာဖြစ်ခဲ့သူနဲ့ ယခုရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်လာသူ မဟာသီယာ မိုဟာမက်ကို ရှုံးနိမ့်ခဲ့ပြီး အာဏာလက်လွှတ်ခဲ့ရပါတယ်။