Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကုမ္ပဏီရဲ့ထုတ်ကုန်တွေ ခင်းကျင်းရောင်းချဖို့ စတိုးဆိုင်တွေ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
The New York Times သတင်းအရ Metaverse လောကထဲ ထိုးဖောက်ဖို့ Meta ရဲ့ ပထမဆုံးလက်လီစတိုးတွေ ဖွင့်ဖို့ ဆွေးနွေးနေတယ်လို့ ဖော်ပြထားပါတယ်။ စတိုးဆိုင် ဖွင့်မယ့်ရက် မသိရသေးပေမယ့် ကုမ္ပဏီအနေနဲ့ Facebook ကနေ ဗွီဒီယို Chat လုပ်နိုင်တဲ့ တယ်လီကွန်းဆက်သွယ်ရေးပစ္စည်းတွေနဲ့ Virtual Reality Headset တွေ လိုမျိုး ထုတ်ကုန်တွေ ခင်းကျင်းပြသသွားမယ်လို့လည်း ဆိုပါတယ်။

Photo: Reuters
အောက်တိုဘာလကုန်ပိုင်းမှာ Facebook ကုမ္ပဏီရဲ့ကော်ပိုရိတ်နာမည်ကို Meta အဖြစ် ပြောင်းပြီးတဲ့နောက် တစ်ပတ်လောက်အကြာ Metaverse နဲ့ ပတ်သက်ပြီး ကုမ္ပဏီရဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေအကြောင်း သတင်းတွေ ထွက်လာခဲ့တာပါ။ Metaverse ဟာ ပုံရိပ်ယောင်ကမ္ဘာထဲမှာပဲ လူတွေ အချင်းချင်း ဆက်သွယ်နိုင် ၊ အလုပ်လုပ်နိုင် ဂိမ်းကစားနိုင်အောင် ဖန်တီးနိုင်မယ့် နယ်ပယ်တစ်ခု ဖြစ်ပါတယ်။
တကယ်လို့ Meta လက်လီစတိုးဆို ဖွင့်ဖြစ်မယ်ဆိုရင် Facebook နဲ့ Ray-Ban မျက်မှန်ကုမ္ပဏီတို့ ပေါင်းပြီး ဖန်တီးတဲ့ Ray-Ban Stories ဆိုပြီး AR စမတ်မျက်မှန် ၊ Oculus Quest VR Headset နဲ့ Portal Video Chat ထုတ်ကုန်တွေပါ တင်သွားဖို့ ရှိပါတယ်။ နောက်ပိုင်းမှာတော့ Oculus Quest နဲ့ Facebook Portal လို ထုတ်ကုန်တွေကို Meta Brand တပ်ပြီး Meta Quest နဲ့ Meta Portal ဆိုပြီး နာမည်ပြောင်းဖို့လည်း ရှိပါတယ်။
Photo: Tech Crunch
Meta ဟာ ကယ်လီဖိုးနီးယားပြည်နယ် ဘာလင်ဂိမ်းမှာ Flagship Store တစ်ခု ဖွင့်ဖို့ ပြင်နေပါတယ်။ ဘာလင်းဂိမ်းဟာ ကုမ္ပဏီရဲ့ Metaverse အကောင်အထည်ဖော်ရာ Reality Labs ရုံးစိုက်ရာ မြို့လည်း ဖြစ်ပါတယ်။ နာမည်မပြောင်းခင်က ကုမ္ပဏီရဲ့ လက်လီစတိုးတည်နေရာတွေကို Facebook Store လို့ ခေါ်ဖို့ နာမည်ရွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ Facebook ဝန်ထမ်းဟောင်းရဲ့ ကွန်ဂရက်ရှေ့မှောက် ဖွင့်ချမှုတွေကြောင့် Meta ဟာ အဝေဖန်ခံနေရပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေထဲမှာ လက်လီစတိုးဆိုင်ဖွင့်တာ အဆန်းတော့ မဟုတ်ပါဘူး။ Apple ကုမ္ပဏီအနေနဲ့ လက်လီစတိုးဆိုင်တွေဖွင့်ပြီး အောင်မြင်မှု ရနေသလို Google ကလည်း တလောကပဲ ကုမ္ပဏီရဲ့ပထမဆုံး လက်လီစတိုးဆိုင်ကို နယူးယော့ခ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ Microsoft ကုမ္ပဏီကတော့ ပြီးခဲ့တဲ့နှစ်ထဲမှာ အွန်လိုင်းစတိုးတွေပေါ် အာရုံစိုက်ဖို့ လက်လီစတိုးတွေ ပိတ်သိမ်းခဲ့ပါတယ်။