အီတလီဂန္တဝင်နောက်ခံလူကြီး ချီလီနီက မက်ဂွိုင်းရားအပေါ် ဝေဖန်ပြောကြားနေမှုတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းဖော် ဘရန်ဒန်ဝီလီယံစ်က မက်ဂွိုင်းရားဘက်က ကာကွယ်ပြောကြားပေးခဲ့ပြီး အီတလီလက်ရွေးစင်ဟောင်းကြီး ချီလီနီကပါ အခုလိုမျိုး မက်ဂွိုင်းရားနဲ့အတူ ရပ်တည်ပေးခဲ့တာပါ။
မက်ဂွိုင်းရားဟာ ဆိုးရွားတဲ့ခြေစွမ်းတွေကြောင့် ယူနိုက်တက်မှာ အရန်ခုံရောက်ခဲ့ရပြီး သူ့အပေါ် လှောင်ပြောင်ဝေဖန်မှုတွေကလည်း ပြင်းထန်လျက်ရှိပါတယ်။ မက်ဂွိုင်းရားပွဲထွက်တိုင်း ဒီရာသီမှာ ယူနိုက်တက်တို့ ရှုံးခဲ့တယ်ဆိုတဲ့အချက်အလက် မှတ်တမ်းဆိုးကြောင့်လည်း အဆိုပါ အင်္ဂလန်ဗဟိုနောက်ခံလူဟောင်းက ဝေဖန်မှုတွေနဲ့ ခါးစည်းရင်ဆိုင်နေရတာဖြစ်ပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ မက်ဂွိုင်းရားကို လက်ရွေးစင်အသင်းမှာ ရွေးချယ်ထားဆဲဖြစ်ပေမယ့် ဒီကစားသမားကို ကာတာကမ္ဘာ့ဖလားမှာ နေရာမပေးသင့်ဘူးလို့လည်း ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ ဒီလိုမျိုး ဝေဖန်မှုတွေကြားထဲမှာ ချီလီနီက “မက်ဂွိုင်းရားရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကျနော် စိတ်မကောင်းဖြစ်ရပါတယ်”
“ဘာကြောင့်လဲဆိုတော့ သူက ကစားသမားကောင်းတယောက်မို့လို့ပါ။ ယူနိုက်တက်က သူ့ဆီက အများကြီး တောင်းဆိုခဲ့ပါတယ်။ ဒါကလည်း သူ့အတွက် ပေါင်သန်း (၈၀) လောက် ပေးခဲ့ရတာကိုး။ သူက ပွဲတိုင်းမှာ ကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့ လိုအပ်နေတာမဟုတ်လား။ ဒါက မမှန်ကန်တဲ့ကိစ္စပါ။ စျေးကွက်တန်ဖိုးက အမြင်ပေါင်းများစွာအပေါ် မူတည်နေပါတယ်။ ခင်ဗျားတို့ ဒါတွေကို ထိန်းချုပ်လို့မရသလို ခင်ဗျားရဲ့အမှားလည်း မဟုတ်ပါဘူး။ မက်ဂွိုင်းရားနဲ့စတုန်းစ်က ကောင်းမွန်တဲ့အတွဲအဖက်ပါ”
“မက်ဂွိုင်းရားက ဖာဒီနန်လိုမျိုး မဟုတ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် သူက လုံလောက်တဲ့ ခြေစွမ်းကောင်းရှိပါတယ်။ ဒီအခြေအနေမှာ အင်္ဂလန်အတွက် အကောင်းဆုံးဖြစ်အောင် သူ ကူညီနိုင်မှာမဟုတ်ပါဘူး။ ခင်ဗျားတို့ ကမ္ဘာ့ဖလားရချင်တယ်ဆိုရင် အဓိက,ကစားသမားတွေဆီမှာ ဒီလိုပြဿနာအချို့ရှိနေရင်းနဲ့ မဖြစ်နိုင်ပါဘူး။ သေချာတာက မက်ဂွိုင်းရားက အင်္ဂလန်ရဲ့ အဓိက,ကစားသမားတွေထဲက တယောက်ပါ” လို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။