ဘန်ဇီမာရဲ့ဟက်ထရစ်နဲ့ ရီးရဲယ်မက်ဒရစ်တို့ ကွာတားတက်ခဲ့တာပါ။

ရီးရဲယ်မက်ဒရစ်အတွက် ဒီပွဲမှာ ကက်စ်မဲရိုးမပါဝင်နိုင်ခဲ့ဘဲ ကွင်းလယ်မှာ ဗယ်လ်ဗာဒီ၊ တိုနီကရူးစ်၊ မိုဒရစ်တို့ ပွဲထွက်ခဲ့ပါတယ်။ နောက်တန်းနဲ့ တိုက်စစ်ပိုင်းကတော့ အပြောင်းအလဲမရှိခဲ့ဘဲ ကာဗာဟယ်လ်၊ မီလီတာအို၊ အလာဘာ၊ နာချို နဲ့ တိုက်စစ်မှာ ဘန်ဇီမာ၊ အဆန်စီယို၊ ဗီနီရှပ်စ်တို့ ပွဲထွက်ခဲ့ပါတယ်။



ပီအက်စ်ဂျီက ဒဏ်ရာရနေတယ်လို့ သတင်းထွက်နေတဲ့ အမ်ဘာပေ ပါဝင်လာခဲ့ပြီး နေမာ၊ မက်ဆီတို့နဲ့ တွဲပေးထားခဲ့ပါတယ်။ ဂိုးသမား နေရာမှာ ဒွန်နာရမ်မာပဲ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ ဟာကီမီ၊ မာကွင်ဟို့စ်၊ ကင်ပမ်ဘီ၊ နူနိုမန်ဒက်စ်၊ ကွင်းလယ်မှာ ဒန်နီလိုပါရဲရား၊ ပါရီဒက်စ်၊ ဗာရက်တီတို့ ပါဝင်ခဲ့ပါတယ်။

မဖြစ်မနေ ဂိုးလိုအပ်နေတဲ့ ရီးရဲယ်မက်ဒရစ်တို့ ပထမပိုင်းမှာ ဗီနီရှပ်စ်၊ အဆန်စီယိုတို့ ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရတာကြောင့် ထင်တိုင်းမပေါက်ခဲ့ပါဘူး။ ကွင်းလယ်မှာ ကက်စ်မဲရိုးမပါတာကလည်း မိုဒရစ်၊ ကရူးစ်တို့ရဲ့ စွမ်းဆောင်ရည်ကို အကန့်အသတ်ဖြစ်စေခဲ့ပါတယ်။

ပီအက်စ်ဂျီက မက်ဆီ ကျေနပ်လောက်စရာ ခြေစွမ်းကို ပြသနိုင်ခဲ့သလို အမ်ဘာပေကလည်း နေမာရဲ့ ဖန်တီးပေးမှုကတဆင့် အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းစပြီး မကြာခင်မှာပဲ တိုနီကရူးစ်၊ အဆန်စီယိုတို့ရဲ့နေရာကို ကာမာဗင်ဂါ၊ ရိုဒရီဂိုတို့ လူစားဝင်ကစားခဲ့ပါတယ်။ ဒါကပဲ ပွဲကိုအပြောင်းအလဲဖြစ်စေခဲ့ပါတယ်။

အဲ့ဒီနောက် မိနစ် (၆၀) မှာတော့ ရီးရဲယ်မက်ဒရစ်တို့ ချေပဂိုးရရှိခဲ့ပြီး ဘန်ဇီမာက ဗီနီရှပ်စ်ရဲ့ ဖန်တီးပေးမှုကတဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီက မလိုအပ်ဘဲ မစွန့်စားဖို့ ဆုံးဖြတ်လာပုံရပြီး တတ်နိုင်သလောက် ပွဲကို ထိန်းချုပ်နိုင်အောင်ပဲ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ပွဲကစားချိန် (၇၅) မိနစ်နဲ့ (၇၇) မိနစ်တို့မှာ ဘန်ဇီမာက ရီးရဲယ်မက်ဒရစ်အတွက် နှစ်ဂိုးဆက်တိုက်သွင်းနိုင်ခဲ့တာကြောင့် ရီးရဲယ်မက်ဒရစ်တို့ ၃-၁ ဂိုးနဲ့အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က