ပြင်သစ် လီဂူးဝမ်းကလပ် ပီအက်စ်ဂျီဟာ သူတို့ရဲ့ နာမည်ကျော် ကစားသမား မက်ဆီကို လာမယ့် နွေရာသီမှာ ရောင်းထုတ်တော့မယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို ရောက်ရှိလာတာဖြစ်ပါတယ်။

မက်ဆီအပေါ် ပီအက်စ်ဂျီတာဝန်ရှိသူတွေရော၊ ပရိသတ်တွေရောက အများကြီး မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ မှန်းချက်နဲ့နှမ်းထွက်နဲ့မကိုက်ဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ ပြင်သစ်လီဂူးမှာတောင် တည်ငြိမ်တဲ့ ခြေစွမ်းတရပ်ကို ထိန်းသိမ်းထားနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ကနေ ထွက်လိုက်ရပြီးနောက်ပိုင်း ပီအက်စ်ဂျီ ပရိသတ်တွေဟာ မက်ဆီကို ပစ်မှတ်ထား လှောင်ပြောင်မှုတွေရှိလာပါတယ်။ အသက် (၃၄) နှစ်အရွယ် မက်ဆီ ရောက်ရှိလာပြီးနောက်ပိုင်း အသင်းတွင်း အဝတ်လဲခန်းအခြေအနေက ဆိုးရွားလာတယ်လို့ သတင်းတွေက ဖော်ပြနေပြီး နှစ်ပိုင်းကွဲနေတယ်လို့ သိရပါတယ်။
ဗင်နီဇွဲလားကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးမှာလည်း မက်ဆီက လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားအပြီးမှာ သူ့အနာဂတ်အတွက် ပြန်လည်စဥ်းစားစရာတွေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ မက်ဆီတယောက် ပီအက်စ်ဂျီနဲ့ အနာဂတ်ကို စဥ်းစားတာမျိုးဖြစ်နိုင်တယ်လို့ ယူဆချက်တွေလည်း ရှိနေပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း ပီအက်စ်ဂျီမှာ မပျော်မရွှင်ဖြစ်နေပုံပါ။
ပီအက်စ်ဂျီနဲ့ မက်ဆီတို့အကြား စာချုပ်သက်တမ်းက နောက်ထပ် တနှစ် ကျန်ရှိသေးပေမယ့် ပီအက်စ်ဂျီကတော့ မက်ဆီကို လက်လွှတ်ခံတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စျေးပေါပေါနဲ့ လက်လွှတ်ခံသွားမှာ မဟုတ်ဘဲ သင့်တော်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုရရှိမှသာ လက်လွှတ်သွားဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ဘာစီလိုနာဥက္ကဌ လာပေါ်တာက မက်ဆီကို ပြန်ခေါ်ဖို့ စိတ်ကူးမရှိဘူးလို့ ပြောကြားခဲ့ပါသေးတယ်။ မက်ဆီအနေနဲ့ ပီအက်စ်ဂျီက ထွက်ခွာဖြစ်မယ်ဆိုရင် ဘာစီလိုနာကသာ ဖြစ်နိုင်ခြေအများဆုံး အသင်းအဖြစ် ရှိနေပါတယ်။ အခြားအသင်းအနေနဲ့ကတော့ ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီက မက်ဆီကို အရင်တည်းက စိတ်ဝင်စားခဲ့ပါတယ်။