ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မဲခွဲမှုမှာတော့ PSG နဲ့ ရီးရဲယ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့ခဲ့ပြီး ရှုံးထွက်အဆင့်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲတပွဲဖြစ်လာဖို့တော့ရှိနေပါပြီ။ အမှားအယွင်းရှိခဲ့တဲ့ ပထမအကြိမ် မဲခွဲမှုတုန်းကတော့ PSG နဲ့ ယူနိုက်တက်၊ ဘင်ဖီကာနဲ့ ရီးရဲယ်မက်ဒရစ်တို့ ထိပ်တိုက်တွေ့ခဲ့တာပါ။

ရီးရဲယ်မက်ဒရစ်ဘက်ကတော့ ဒုတိယအကြိမ် မဲခွဲမှုမှာ သူတို့အသင်းမပါဝင်ဖို့ ပြောဆိုခဲ့ပေမယ့် ယူအီးအက်ဖ်အေဘက်ကတော့ အစအဆုံး ပြန်လည်မဲခွဲခဲ့တာကြောင့် ရီးရဲယ်မက်ဒရစ်တို့ ပွဲကျပ်သွားခဲ့ပါတယ်။ ပိုဆိုးတာကတော့ ရီးရဲယ်မက်ဒရစ်က သူတို့ရဲ့ ပြိုင်ဘက်ဟောင်းမက်ဆီ၊ ကစားသမားဟောင်း ရာမို့စ်နဲ့ လက်ရှိလိုချင်နေတဲ့ တိုက်စစ်ကစားသမား အမ်ဘာပေတို့နဲ့ တပြိုင်တည်း ရင်ဆိုင်ရတော့မှာပါ။

မက်ဆီဟာ ဘာစီလိုနာမှာရှိခဲ့တုန်းက အယ်လ်ကလက်စီကိုပွဲစဥ်အဖြစ် ရီးရဲယ်မက်ဒရစ်နဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးပြီး ရာမို့စ်ကလည်း ရီးရဲယ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင်ဟောင်းကြီးဖြစ်ခဲ့ပါတယ်။ ရာမို့စ်နဲ့မက်ဆီတို့ PSG မှာ ပြန်လည်ပေါင်းစည်းသွားမှုက ရီးရဲယ်မက်ဒရစ်ပရိသတ်တွေအတွက်လည်း ရင်နာစရာဖြစ်ခဲ့တာပါ။
ဒါ့အပြင် ရီးရဲယ်မက်ဒရစ်ဟာ အမ်ဘာပေကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာတင် အမ်ဘာပေနဲ့ အကြိုသဘောတူညီမှုရရှိဖို့ မျှော်လင့်ထားတာပါ။
ဒါပေမယ့် ဒီနှစ်သင်း ဒီလိုထိပ်တိုက်တွေ့ဆုံမှုက အမ်ဘာပေရဲ့ အပြောင်းအရွှေ့ကို သက်ရောက်မှုရှိလာနိုင်ပြီး ဖေဖော်ဝါရီနဲ့မတ်တို့မှာ နှစ်ကျော့ရင်ဆိုင်ရမယ့် ရီးရဲယ်မက်ဒရစ်နဲ့ပွဲအတွက် အမ်ဘာပေရဲ့ ကွင်းတွင်းခြေစွမ်း ဘယ်လိုမျိုးရှိနေမလဲဆိုတာကလည်း ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်။
ရီးရဲယ်မက်ဒရစ်နဲ့ PSG တို့ဟာ (၂၀၁၇-၁၈) ဘောလုံးရာသီ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်မှာ ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အဲ့ဒီအချိန်ကတော့ ရီးရဲယ်မက်ဒရစ်တို့ PSG ကို နှစ်ကျော့လုံး အနိုင်ရရှိကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။