နယ်သာလန်နိုင်ငံ တရားရုံးတစ်ခုဟာ မြေးတွေရဲ့ ဓါတ်ပုံကို လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦးကို EU အထွေထွေအချက်အလက် ကာကွယ်ရေးစည်းမျဉ်းနဲ့ အရေးယူမှု လုပ်ဆောင်ခဲ့ပါတယ်။
ဂယ်လ်ဒါလန်း စီရင်စုမှာ ရှိတဲ့ တရားရုံးတစ်ခုဟာ မြေးဖြစ်သူတွေရဲ့ ဓါတ်ပုံတွေကို လူမှုကွန်ရက်ပေါ်ကနေ ဖျက်ပစ်ဖို့ အဖွားအိုတစ်ဦးကို အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတရားစီရင်မှုဟာ အဖွားအိုနဲ့ မြေးတွေရဲ့ မိခင်ဖြစ်တဲ့ သူမရဲ့ သမီးအကြား သဘောထားကွဲလွဲရာကနေ စတင်ခဲ့တာပါ။ ကလေးတွေရဲ့ မိခင်ဖြစ်သူဟာ ရဲကနေ တစ်ဆင့် လူမှုကွန်ရက်ပေါ် တင်ထားတဲ့ သူမကလေးတွေရဲ့ ဓါတ်ပုံ ဖြုတ်ချဖို့ တောင်းဆိုခဲ့တာပါ။
Photo: Fidar News
အဖွားဖြစ်သူမှ ဓါတ်ပုံတွေ ဖျက်ပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ဂယ်လ်ဒါလန်း စီရင်စု တရားရုံးမှာ တရားရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ တရားရုံးဟာ အဖွားဖြစ်သူအနေနဲ့ သူမရဲ့ Facebook နဲ့ Pinterest အကောင့်ပေါ်မှ မြေးတွေရဲ့ ဓါတ်ပုံတွေကို ၁၀ ရက်အတွင်း ဖယ်ရှားရမယ်လို့ အမိန့်ချမှတ်ခဲ့ကြောင်း CNBC သတင်းမှာ ဖော်ပြထားပါတယ်။ မေလဆန်းပိုင်းက ချမှတ်ခဲ့တဲ့ အမိန့်ထဲမှာ ဒီအမိန့်ကို လိုက်ဖို့ ပျက်ကွက်မယ်ဆိုရင် နေ့တိုင်း ယူရို ၅၀ နှုန်းနဲ့ အများဆုံး ယူရို ၁၀၀၀ အထိ ဒဏ်ရိုက်သွားမယ်လို့ ဆိုပါတယ်။
မြေးတွေရဲ့ ဓါတ်ပုံကို သူတို့မိခင်ရဲ့ ခွင့်ပြုချက် မရှိဘဲ အများပြည်သူရှေ့မှောက် ချပြတာဟာ ၂၀၁၈ မေလထဲ မှာ စတင်အသက်ဝင်တဲ့ EU ရဲ့ GDPR အချက်အလက် ကိုယ်ရေးကိုယ်တာ ဥပဒေနဲ့ ငြိစွန်းနေတာပါ။ GDPR အရ အသက် ၁၆ နှစ်အောက် ကလေးများရဲ့ ပုံကို လူမှုကွန်ရက်မှာ တင်မယ်ဆိုရင် တရားဝင်အုပ်ထိန်းသူရဲ့ ခွင့်ပြုချက် ရယူရမယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအထိ GDPR ဥပဒေနဲ့ ငြိစွန်းတာကြောင့် ဒဏ်ရိုက်ခံရတဲ့ ပမာဏဟာ ဒေါ်လာ ၁၂၆ သန်းကျော် ရှိခဲ့တယ်လို့ ဥပဒေအတိုင်ပင်ခံလုပ်ငန်း တစ်ခုဖြစ်တဲ့ DLA Piper က ဆိုပါတယ်။ သမီးဖြစ်သူကတော့ ၁၀ ရက် ကြာပြီးနောက် ဓါတ်ပုံတွေ ဖယ်ရှားခြင်း မရှိသေးရင် သူမရဲ့ မိခင်ကို တစ်နေ့ ယူရို ၂၅၀ အထိ ဒဏ်တပ်ပေးဖို့ တရားရုံးကို တောင်းဆိုထားပါတယ်။