ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက် (၈)နာရီထုတ်ပြန်ချက်အရ ထပ်တိုးလူနာ (၆၃)ဦးမှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က နှစ်ဦးပါဝင်ခဲ့ပါတယ်။
မင်္ဂလာဒုံမြို့နယ်က ပိုးတွေ့ လူနာ နှစ်ဦးမှာ တစ်ဦးက လေဆိပ်လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးက ရခိုင်က ပြန်လာတဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်က ပြန်လာတဲ့သူက ရန်ကုန်ရောက်ရောက်ချင်း ကွာရန်တင်းဝင်ရောက်ခဲ့သူဖြစ်တာကြောင့် သူနဲ့ ထိတွေ့ထားသူ တစ်ဦးတစ်ယောက်မှ မရှိဘူးလို့ မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက Duwun ကိုပြောပါတယ်။
“ ပိုးတွေ့လူနာနှစ်ဦးက တစ်ဦးကလေဆိပ်မှာ လုံခြုံရေးလုပ်နေတဲ့ လေဆိပ်ဝန်ထမ်း၊ နောက်တစ်ဦးကရခိုင်ကပြန်လာတဲ့သူပါ။ လေဆိပ်ကဝန်ထမ်းကတော့ ဝန်ထမ်းအိမ်ယာမှာနေတယ် ပြီးတော့ လူနာနံပတ် (၇၄၁)နဲ့ ဆက်စပ်တဲ့သူလို့သိရတယ်။ အတူနေမိသားစုရှိတာပေါ့။ ရခိုင်ကပြန်လာတဲ့သူကတော့ လှိုင်မှာ ကွာရန်တင်းဝင်ရောက်နေတဲ့သူ” လို့ ဒေါ်သန္တာမိုးက ပြောပါတယ်။
လေဆိပ်ဝန်ထမ်းက အလုပ်ကပေးထားတဲ့ ဝန်ထမ်းအိမ်ယာမှာ မိသားစုနဲ့ အတူနေထိုင်တဲ့သူဖြစ်ပါတယ်။ သူနဲ့ အတူနေထိုင်တဲ့ မိသားစု (၅)ဦးကိုတော့ ကွာရန်တင်းထားရှိဖို့ ခေါ်ဆောင်သွားပြီဖြစ်ကာ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ရခိုင်က ပြန်လာတဲ့သူက မင်္ဂလာဒုံမြို့နယ် ဧကရာဇ်ရပ်ကွက်မှာ နေထိုင်တဲ့သူဖြစ်ပြီး ကွာရန်တင်းဝင်ရောက်နေရင်းက ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက် (၈)နာရီထုတ်ပြန်ချက်အရ ထပ်တိုးလူနာ (၆၃)ဦးမှာ ရန်ကုန်က (၃၆)ဦးအထိပါဝင်ခဲ့ပြီး တာမွေမြို့နယ်က (၉)ဦး ပုဇွန်တောင်မြို့နယ်က (၆)ဦးအထိအများဆုံးပါဝင်ခဲ့ပါတယ်။