• “မဟူရာရုပ်ရှင်ရုံ”နဲ့ နိုင်ငံတကာက ပေးတဲ့ဆုကို ပထမဆုံးအကြိမ် ရခဲ့တဲ့ နေတိုး

Best Actor ဆုခဲ့တာပါ။
နေတိုးပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုလို့ ပြောရမှာပါ။ အိန္ဒိယနိုင်ငံ ကာလာကတ္တားမြို့မှာ ပြုလုပ်မယ့် Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ Jean Luc Godard Award အတွက် မဟူရာရုပ်ရှင်ဇာတ်ကားကို Monthly Winner (March 2019) အဖြစ် ဆန်ခါတင် ရွေးချယ်ခြင်းခံရသလို မဟူရာရုပ်ရှင်ရုံ ဇာတ်ကားနဲ့ နေတိုးကလည်း The Best Actor ဆုရရှိခဲ့ပါတယ်။
image

သရုပ်ဆောင် နေတိုးအတွက် အမှတ်တရတွေထဲက နောက်ထပ် အမှတ်တရဖြစ်စေမယ့် အကြောင်းအရင်းတစ်ခုလို့ ပြောရမှာပါ။ နေတိုးဟာ မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကားကြီးနဲ့ နိုင်ငံတကာက ပေးအပ်တဲ့ The Best Actor ဆုကို ရရှိခဲ့ပါတယ်။

“Cult Critic Movie Award မှာ မဟူရာရုပ်ရှင်ရုံ ဇာတ်ကားနဲ့ သွားပြိုင်တဲ့ အခါမှာ ကျွန်တော်က The Best Actor ဆုကို ရခဲ့တာပါ။ ပြီးတော့ အသံဆု၊ ဒါရိုက်တာနဲ့ Horror ဆုတွေပါတယ်။ ဆုလေးဆုဝင်ထားတဲ့ ဇာတ်ကား ဖြစ်ခဲ့တယ်။” လို့ နေတိုးက မဟူရာရုပ်ရှင်ရုံနဲ့ ပတ်သက်ပြီး ဆုရခဲ့တဲ့အကြောင်းကို Duwun Media သို့ ပြောခဲ့ပါတယ်။

နေတိုးအနေနဲ့ ယခုလို ဆုရခဲ့တဲ့အတွက်လည်း အရမ်းပျော်သလို နိုင်ငံတကာကပေးတဲ့ဆုကို “မဟူရာရုပ်ရှင်ရုံ” နဲ့ ပထမဆုံး ရတာဖြစ်လို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ကျွန်တော့်ကို ဒါရိုက်တာက Chat Box ကနေ ဆုလေးခုကို ပို့ပေးတယ်။ ဆုလေးခုမှာ The Best Actor ဆုကို အရင်မပို့ဘူး။ ပြီးတော့မှ သေချာကြည့်ပြီး The Best Actor ဆုက ကျွန်တော်ရတာလားဆိုတော့မှ အင်း ဟုတ်တယ်တဲ့။ ကျွန်တော်လည်း ဝမ်းသာသွားတယ်။ ဒီကားက ကျွန်တော့်ဘဝမှာ အမှတ်တရတွေ အများကြီးရှိခဲ့သလို အခုလိုမျိုး နိုင်ငံတကာကပေးတဲ့ The Best Actor ဆုကို ဒီကားနဲ့ ပထမဆုံး ရတဲ့အတွက် ကျွန်တော့်ရဲ့ ပရိသတ်ကိုပျော်စေချင်တယ်။ ဝမ်းလည်းဝမ်းသာပါတယ်”လို့ သူကပြောပါတယ်။

မဟူရာရုပ်ရှင်ရုံဇာတ်ကားဟာ နေတိုးအတွက် ဘယ်တော့မှ မမေ့နိုင်တဲ့အမှတ်တရတွေ များစွာ ရှိခဲ့တဲ့ ဇာတ်ကားလို့ ဆိုပါတယ်။

“အားလုံးသိကြတဲ့အတိုင်းပဲ။ အရှေ့မှာလည်း မင်းသွေးနဲ့အတူ ကျွန်တော်ရိုက်ခဲ့တဲ့ ဇာတ်ကားရုံတင်တယ်။ အခု ၂၀၁၉ မှာ မင်းသွေးပါဝင်တဲ့ ကားကို ရုံတင်ခွင့်ရတဲ့ ဇာတ်ကားလေးလည်း ဖြစ်တယ်။ ဒါကတော့ ကျွန်တော့် ဘဝအတွက်ရော ပရိသတ်အတွက်ရော ဘယ်တော့မှာ မမေ့နိုင်တဲ့ အမှတ်တရတစ်ခုလည်း ဖြစ်ပါတယ်” လို့ နေတိုးက ဆိုပါတယ်။ မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဧပြီ(၂၅) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

ကျရာဇာတ်ရုပ်တိုုင်းကိုပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က