ချစ်သူများနေ့ဆိုရင် မေမေတို့က ကိုယ်နဲ့ မသက်ဆိုင်တဲ့ နေ့ရက်တစ်ရက်လို သဘောပိုက်ထားတတ်ကြတာများပါတယ်။ ဒီရက်ဟာ ချစ်သူစုံတွဲတွေအတွက် သီးသန့်ထားရှိတဲ့ ရက်တစ်ရက်လိုကို သတ်မှတ်ထားကြတဲ့ မေမေတွေအတွက် ချစ်သူများနေ့ဟာ မိသားစုအတွက် အရမ်းကို အရေးပါတဲ့ နေ့လေးတစ်နေ့ဖြစ်တဲ့အကြောင်းနဲ့ ဒီချစ်သူများနေ့ကို ဘယ်လို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲလို့ ရနိုင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
အချစ်အကြောင်းပြောပြပါ
ချစ်သူများနေ့မှာ အချစ်အကြောင်း ပြောဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ကလေးကို ၊ ချစ်သူများနေ့ဆိုတာ ဘာ့ကြောင့် ပေါ်ပေါက်လာရသလဲဆိုတဲ့ သမိုင်းကြောင်းကို ပြောပြပြီး ကိုယ်သူတို့ကို ဘယ်လောက်ထိချစ်ကြောင်း ဖွင့်ဟပြောဆိုပါ၊ အချစ်ဆိုတဲ့နေရာမှာ ချစ်သူမှမဟုတ်ဘဲ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့သူငယ်ချင်း နဲ့ ကိုယ့်ရဲ့ ပတ်သက်ဆက်နွယ်သူတွေကို ချစ်တဲ့အချစ်အပြင် သက်မဲ့တွေအပေါ်တွယ်တာပြီး ချစ်တတ်တဲ့ အချစ်အကြောင်းပြောပြပါ။ ကိုယ့်ရဲ့ ကလေးတွေကိုလည်း သူတို့ရဲ့ အချစ်အပေါ်အမြင်၊ ခံစားချက်နဲ့ ဘယ်လိုအရာတွေကို ချစ်သလဲဆိုတာတွေကိုပါ မေးရင်း ကိုယ့်ရဲ့ သားသမီးနဲ့အတူ အချစ်စကားဝိုင်းလေး ပြောဆိုလို့ရပါတယ်။ ဒီလိုနေ့မျိုးမှာ ကလေးတွေကို ချစ်မြတ်နိုးမှုအကြောင်း သင်ကြားပြောပြပေးရင်း ကြင်နာတတ်တဲ့ ကလေးတွေအဖြစ် ပုံသွင်းယူလို့ရပါတယ်။
အမြွှာလေးနှစ်ယောက်ရဲ့ မေမေဖြစ်တဲ့ မအိမမမွန်ကလည်း ချစ်သူများနေ့မှာ သူ့ကလေးလေးတွေအတွက် စဥ်းစားထားတဲ့ အကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။
"တကယ်တော့ ကလေးတွေနဲ့လည်း ဘာမှလုပ်ဖို့ အထွေအထူးမရှိပါဘူး။ ချစ်သူများနေ့ဆိုတော့ ပိုချစ်ပေးမိမလားမသိဘူး ။ သူတို့က ခုနေတော့နားလည်မှာမဟုတ်သေးဘူး ။ နားလည်လာတဲ့အချိန်ကျရင်တော့ ချစ်သူများနေ့အကြောင်း နည်းနည်းပြောပြမယ် ။ ချစ်သူများနေ့ မှာ မိသားစုအချင်းချင်းလည်း အမှတ်တရလေးတွေလုပ်ပေးလို့ရကြောင်း ပြောပြမယ် ။ အမှတ်တရ လက်ဆောင်လေးတွေသူတို့ကိုလုပ်ပေးရင်း ရှင်းပြမယ်လို့ စဥ်းစားထားတယ်။သူငယ်ချင်းတွေကိုလည်း အမှတ်တရလုပ်ပေးနိုင်ကြောင်း ပြောပြမယ်လို့ စိတ်ကူးထားတယ်။"
အချစ်အကြောင်းဖတ်ပြပါ
ချစ်သူများနေ့လိုနေ့မျိုးမှာ ကိုယ့်ရဲ့ သားသမီးတွေနဲ့အတူ စာကြည့်တိုက်လိုနေရာမျိုး ဒါမှမဟုတ် စာအုပ်ဆိုင်လိုနေရာမျိုးမှာ ချစ်သူများနေ့အတွက် ထုတ်ထားတဲ့ စာအုပ်လေးတွေကို ဝယ်ယူတာမျိုးဖြစ်ဖြစ်၊ ငှားရမ်းတာမျိုးဖြစ်ဖြစ် ပြုလုပ်ပြီး ဖတ်ပြပါ၊ ကလေးတွေအတွက် ဖြစ်တဲ့အတွက် စာအုပ်ရွေးချယ်မှု မှန်ကန်ဖို့တော့ လိုအပ်ပါတယ်။ အချစ်ဆိုတာ အသက်အရွယ်မရွေးနဲ့ သက်ဆိုင်တဲ့ အရာပါ။ ကလေးတွေ စာဖတ်ကျင့်လေး ရသွားနိုင်သလို ကလေးတွေကို ချစ်တတ်အောင် သင်ပေးတာကလည်း၊ ချစ်ခြင်းတရားကြောင်း သူတို့ကို သိစေတာကလည်း သူတို့ဘဝကြီးပြင်းမှုမှာ အထောက်အကူအများကြီး ရနိုင်ပါတယ်။
အချစ်ကို စားသုံးပါ
အချစ်ကို စားသုံးပါဆိုလို့ ခေါင်းရှုပ်သွားပါသလား။ အချစ်ကို စားသုံးတယ်ဆိုတာက မုန့်တွေ ၊ အစားအသောက်တွေ ၊ ဟင်းတွေ ချက်ပြုတ်ကြော်လှော်တာမျိုးကို ခေါ်တာပါ။ ချစ်သူများနေ့မှာ မိသားစုအတွက် ချစ်စရာကောင်းတဲ့ ၊ စားလို့ကောင်းမယ့် ဟင်းလျာလေးတွေ၊ မုန့်လေးတွေ လုပ်စားတာမျိုးဆိုရင် ကလေးတွေလည်း ပျော်ရွှင်စေနိုင်မှာ ဖြစ်ပါတယ်။ မုန့်လုပ်စားဖို့ ၊ ချက်ပြုတ်ကြော်လှော်နေဖို့ အချိန်မရတဲ့ မေမေတွေဆိုရင်လည်း Bakery ဆိုင်ကနေ ချစ်သူများနေ့အတွက် ရည်ညွှန်းထုတ်လုပ်ထားတဲ့ ကွတ်ကီးမုန့်လေးတွေ၊ ကိတ်မုန့်လေးတွေ ၊ ချောင်းမဆိုးစေတဲ့ ချောကလက်လေးတွေကို ဝယ်ပြီး ပျော်ရွှင်စွာ စားသုံးမယ်ဆိုရင်လည်း ကလေးတွေရဲ့ မှတ်ဥာဏ်ထဲမှာ ချစ်သူများနေ့ကို ပျော်စရာကောင်းတဲ့ ချစ်စရာကောင်းတဲ့ နေ့ရက်လေး တစ်ရက်အဖြစ် စွဲမှတ်သွားမှာဖြစ်ပါတယ်။
အချစ်ကို ပြသပါ
တစ်ဦးနဲ့ တစ်ဦး ချစ်မြတ်နိုးတာဟာ ကောင်းမွန်တဲ့ အရာဖြစ်ကြောင်း သူတို့ သိပါစေ။ မြန်မာလူမျိုးအများစုရဲ့ စိတ်ထဲမှာ မိဘနှစ်ဦး တစ်ယောက်ကို တစ်ယောက်ချစ်ခင်မှုပြသရတာကို ကလေးတွေကြား ရှက်စရာကောင်းတဲ့ အပြုအမူလို့ ထင်မှတ်မှားကြပါတယ်။ တကယ်တော့ ကလေးတွေအရှေ့မှာပဲ မိခင်က ဖခင်ကို လေးလေးစားစားချစ်ခင်တာ၊ ဖခင်က မိခင်အပေါ် ကြင်ကြင်နာနာချစ်ခင်တာတွေဟာ သူတို့ကို နူးညံ့ကြင်နာတတ်သူတွေဖြစ်လာအောင် အမြင်အားဖြင့် ထိန်းကျောင်းယူတာပါပဲ။ မိခင်နဲ့ဖခင် တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မြတ်နိုးကြင်နာတာကို မြင်တွေ့ကြီးပြင်းရတဲ့ သူတို့အတွက်လည်း ငယ်ဘဝက ပျော်ရွှင်စရာကောင်းပါတယ်။ ဒါ့ကြောင့် ချစ်သူများနေ့ကစပြီး ကလေးတွေရှေ့မှာ အချစ်ကို ပြသဖို့ မရှက်ရွံ့ပါနဲ့ ။ သူတို့လေးတွေကို ချစ်ပြဖို့လည်း မတွန့်ဆုတ်ပါနဲ့၊ ချစ်ပြရင် ရောင့်တက်တယ်ဆိုတာက မှားယွင်းတဲ့အယူအဆပါ။ ချစ်ပြလေ သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ပိုပြီး ယုံကြည်မှုရှိလာတတ်ကြပါတယ်။
သားလေးမေမေဖြစ်တဲ့ မသိမ့်ကလည်း ချစ်သူများနေ့မှာ သူဘယ်လိုကုန်ဆုံးဖြတ်သန်းမလဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။
"အခုခေတ်လူငယ်တွေကလေ များသောအားဖြင့် ချစ်သူများနေ့ဆို ချစ်သူတွေအတွက်ပဲဆိုပြီးတော့ထင်ကြတယ်။ အထူးသဖြင့်ကောင်လေးနဲ့ ကောင်မလေးအတွက် ပန်းစည်းတွေ ၊လက်ဆောင်တွေ အစုံပေါ့နော်၊ ရောင်းတဲ့သူတွေကလည်း အများကြီး ထွင်ပြီးရောင်းကြတယ်။ တကယ်တော့ ဒီနေ့က မိသားစုဝင်တွေနဲ့လည်း ဆင်နွှဲလို့ရတယ်။မိသားစုဝင်အချင်းချင်း ကိုယ်ချစ်တာကို ပြတဲ့အနေနဲ့ ဘာလေးပဲဖြစ်ဖြစ် အမှတ်တရလက်ဆောင်လေးတွေ ဝယ်ပြီးပေးသင့်တယ်လို့ မြင်တယ်။ ကိုယ်တိုင်ကတော့ အဲဒီနေ့က သောကြာနေ့လည်း ဖြစ်တယ်ဆိုတော့ မနက်ကိုတော့ အိမ်ကလူတွေ ကြိုက်တဲ့ဟင်းလေးချက်မယ်၊ သားကိုလည်း ထမင်းဗူးလေးထည့်ပေးမယ်၊ အရင်တုန်းကဆိုရင် သောကြာနေ့ညနေဆို မိသားစုလိုက်အပြင်ထွက်စားကြတယ်။ ခုက သောကြာနေ့ကော valentine's day ကောတိုက်နေတာဆိုတော့ အပြင်မှာ လူတွေရှုပ်နေမှာစိုးလို့ အိမ်မှာပဲ တစ်ခုခုလုပ်စားပြီးတော့ မိသားစုနဲ့အတူ အေးအေးဆေးဆေးပဲ ဖြတ်သန်းပါတော့မယ်။"
အချစ်နဲ့ အတူ ဆော့ကစားပါ
ကလေးတွေ၊ ဆွေမျိုးသားချင်းတွေ အချင်းချင်း ရင်းနှီးတွေ့ဆုံပါစေ၊ ကိုယ်က သားသမီးနဲ့ ကစားပေးဖို့ အချိန်မရှိဘူးဆိုရင်တောင် ပတ်ဝန်းကျင်က ကလေးလေးတွေ ၊ ဆွေမျိုးသားချင်းတွေနဲ့ တွေ့ဆုံပြီး ဆော့ကစားစေဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ချစ်သူများနေ့ မတိုင်ခင်ကတည်းက ကိုယ့်ကလေးနဲ့ ကိုယ်က သူ့ရဲ့ သူငယ်ချင်း ဒါမှမဟုတ် အတန်းဖော်တွေအတွက် စာအိတ်လေးတွေ ၊ ပို့စ်ကတ်လေးတွေနဲ့ မင်းဟာ ဘယ်လိုချစ်စရာကောင်းတဲ့ သူဖြစ်တဲ့အကြောင်း စာတိုတိုလေး ရေးပြီး ပြင်ဆင်ပေးလိုက်ပါ၊ ကတ်ကလေးတွေ ပေးရတဲ့ ကိုယ့်ကလေးလည်း ပျော်ရွှင်စေနိုင်သလို ကိုယ့်ကလေးပေးလိုက်တဲ့ ကတ်ကလေးတွေကို ရရှိသွားတဲ့ သူ့သူငယ်ချင်းတွေလည်း ပျော်ရွှင်စေပြီး သူတို့လေးတွေရဲ့ ခင်မင်မှုကိုလည်း ပိုတိုးပွားစေပါတယ်။
ဒီအချက်လေးတွေနဲ့ ချစ်သူများနေ့ကို ဆင်နွှဲမယ်ဆိုရင်တော့ ကိုယ့်အတွက်သာမက ကိုယ့်ကလေးတွေအတွက်ပါ ချစ်သူများနေ့ဟာ ပျော်စရာကောင်းတဲ့၊ ချစ်စရာကောင်းတဲ့ နေ့လေးတစ်နေ့အဖြစ် မှတ်ဥာဏ်ထဲ စွဲသွားစေမှာသေချာပါတယ်။ အခုပြောပြနေတာကတော့ အိမ်ထောင်ကျသွားပြီး ချစ်သူများနေ့ဟာ ကိုယ်နဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မြင်ယူဆနေတဲ့ မေမေတို့အတွက် ချစ်သူများနေ့ဆိုတာ ကိုယ့်အတွက်သာမက ကိုယ့်သားသမီးအတွက်ပါ အရေးကြီးတဲ့ ရက်ကလေးဖြစ်တဲ့အကြောင်း လက်တို့သတိပေးလိုက်ပါရစေ။