• Featured

    Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ရဲ့ ဖခင် အသက် ၉၄ နှစ်မှာ ကွယ်လွန်

ပရဟိတသမားနဲ့ ကမ္ဘာ့ကောင်းကျိုုးဆောင် ပုဂ္ဂိုလ်တစ်ဦး ဆုံးပါးသွားတာပါ

ဘီလ်ဂိတ်စ်ရဲ့ ဖခင်ဖြစ်သူ ဝီလျံဟင်နရီဂိတ်စ်ဟာ အယ်လ်ဇိုင်းမားရောဂါနဲ့ ဝါရှင်တန်ပြည်နယ်မှာရှိတဲ့ သူ့ရဲ့ ကမ်းခြေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုက သတင်းထုတ်ပြန်ပါတယ်။

ဥပဒေသမားလည်း ဖြစ်သလို ပရဟိတသမားတစ်ဦးလည်း ဖြစ်တဲ့ ဝီလျံဂိတ်စ်ဟာ Microsoft ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်ရဲ့ ဖခင်အဖြစ်လည်း လူသိများပါတယ်။ ဝီလျံဂိတ်စ်ဟာ တနင်္လာနေ့က ကွယ်လွန်သွားတာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ် ရှိပြီ ဖြစ်ပါတယ်။

image


Photo: seattletimes

"ကျွန်တော့်ဖခင်ရဲ့ ဉာဏ်ပညာ ၊ ရက်ရောမှု ၊ စာနာစိတ်နဲ့ လူသားဆန်ခြင်းဟာ ကမ္ဘာအရပ်ရပ်က လူတွေပေါ် အများကြီး လွှမ်းမိုးခဲ့ပါတယ်။"လို့ သားဖြစ်တဲ့ ဘီလ်ဂိတ်စ်က သူ့ရဲ့ တရားဝင်ဘလော့မှာ ရေးခဲ့ပါတယ်။

အရပ် ၆ ပေ ၇ လက်မရှိတဲ့ ဝီလျံဂိတ်စ်ဟာ အမေရိကန်စစ်ပြန်ကြီးတစ်ဦး ဖြစ်ပြီး ဆီယက်တဲလ် ဥပဒေလုပ်ငန်းတစ်ခု တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၂၅ ခုနှစ်ဖွား ဝီလျံဂိတ်စ်ဟာ ဝါရှင်တန်ပြည်နယ် Bremerton မှာ ကြီးပြင်းလာတာပါ။ ဝါရှင်တန်တက္ကသိုလ်တက်တုန်းမှာ စစ်တပ်ထဲ ဝင်ခဲ့ပါတယ်။

တိုကျိုမှာ တစ်နှစ် စစ်မှုထမ်းပြီးနောက် အမေရိကန်ပြန်ပြီး ကျောင်းဆက်တက်ခဲ့တာပါ။ ၁၉၅၀ မှာ ဥပဒေဘွဲ့ ရပြီးနောက် အချိန်ပိုင်း ဘရီမာတန်မြို့ဝတ်လုံအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တစ်ခြားလုပ်ဖော်ကိုင်ဖက်နှစ်ဦးနဲ့ တွဲပြီး Preston Gates and Ellis ဥပဒေလုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ 


Photo: RT

ကမ္ဘာ့အကြီးဆုံး ဥပဒေလုပ်ငန်းတစ်ခုမှာ အပါအဝင် ဖြစ်ပြီး နောက်ပိုင်းမှာ Kirkpatrick & Lockhart နဲ့ ပေါင်းပြီး K&L Gates လုပ်ငန်းအဖြစ် နာမည်ကြီးပါတယ်။ အိမ်ထောင်နှစ်ဆက်ရှိပြီး ပထမအိမ်ထောင်နဲ့ သမီးနှစ်ယောက်နဲ့ သားဖြစ်တဲ့ ဘီလ်ဂိတ်စ်တို့ ရခဲ့ပါတယ်။ 

သားဖြစ်သူ ဘီလ်ဂိတ်စ်ရဲ့ Microsoft လုပ်ငန်း တည်ထောင်ခါစနှစ်တွေမှာ သူဟာ တရားဥပဒေရေးရာ အကြံပေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဝီလျံဂိတ်စ်ဟာ ၁၉၉၈ မှာ ဥပဒေလုပ်ငန်းကနေ အနားယူလိုက်ပြီး ကမ္ဘာ့ကျန်းမာရေးအတွက် ထောက်ပံ့ပေးနေတဲ့ Gates Foundation မှာ ၂၀၀၀ ပြည့်နှစ်က စလို ပူးတွဲဥက္ကဌအဖြစ် ဦးဆောင်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က