သရုပ်ဆောင်မေကဗျာက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေးအခေါ်ရင့်ကျက်လွန်းတဲ့ သမီးလေး ဂင်္ဂါမေအကြောင်း ပြောပြလာပါတယ်။ အိမ်မှုကိစ္စတွေလည်း လုပ်နိုင်နေပြီဖြစ်သလို၊ စီးပွားရေးဘက်မှာလည်း အထောက်အကူပေးနိုင်နေပါပြီတဲ့။
Photo: Facebook
မေကဗျာက အသက် ၁၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး ဂင်္ဂါမေ အကြောင်း အခုလိုပြောပြလာပါတယ်။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်မှုကိစ္စတွေလည်း လုပ်နိုင်နေပြီလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ကဗျာတို့ဆိုလည်း ဒီနေ့ ဒီအချိန်ထိ အမေ့ရဲ့ အုပ်ထိန်းမှုအောက်မှာ နေလာတာ။ အမေ့စကားတစ်ခွန်းပဲ၊ ကိုယ်နဲ့ သမီးနဲ့က ညီအစ်မဖြစ်ပြီးတော့ အမေက အမေဖြစ်နေတာပါ။ တကယ်တော့ အမေကြီးတော်တာပါ။ အမေ့ရဲ့ စည်းကမ်းတင်းကျပ်မှု၊ အမေ့ရဲ့ ညွှန်ကြားမှုတွေပေါ့နော်။ ဘာသင်ရမယ်၊ ဘာလုပ်ရမယ်ပေါ့။ သူဆိုလည်း ထမင်း၊ ဟင်း အကုန်ချက်တတ်တယ်။ ကဗျာဆိုလည်း ၇ တန်း၊ ၈ တန်းကတည်းက ချက်တတ်နေပြီ။ မီးဖိုချောင်ကိစ္စလည်း လွှဲလို့ရနေပြီ။ သူလည်း ချက်တတ်နေပြီ။ တစ်ခါတလေကျလို့ရှိရင် မနက်စားဖို့ကို အကုန် Ready ပဲ။ မေမေ ဒါသမီးချက်ထားတာ ဆိုပြီးတော့ အကုန်ချက်တတ်နေပြီ။ ဒါက အမေ တော်တာပါ။ ဒါဆိုလည်း လုပ်တတ်ရမယ်၊ ဟိုဟာဆိုလည်း လုပ်တတ်ရမယ် ဆိုပြီးတော့ သင်ပေးခဲ့တာတွေပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: May Kabyar
အဲဒီနောက် Social Media ပေါ်မှာ ပုံတွေတင်၊ ပေါ်ပျူလာဖြစ်ဖို့ကိုလည်း ဂင်္ဂါမေက စိတ်မဝင်စားတဲ့အကြောင်း မေကဗျာက ပြောလာပါတယ်။ သမီးလေးရဲ့ ရင့်ကျက်မှုတွေအကြောင်းကို ဧပြီလ ၁၃ ရက်နေ့က မြကျွန်းသာ လမ်းလျှောက်သင်္ကြန်မှာ ပြောခဲ့တာပါ။
‘’Facebook မှာ သူ့ပုံတင်တာ မကြိုက်ဘူး။ သမီးပုံမတင်နဲ့ အဲဒီလိုလည်း လာမရေးနဲ့။ သမီးပုံတင်မယ်ဆိုရင် သမီးရဲ့ ခွင့်ပြုချက်တောင်းပြီးမှတင်။ သူကိုယ်တိုင်လည်း မတင်ဘူး။ Facebook လည်း မသုံးဘူး။ အဲဒီလိုမျိုး။ ထူးထူးဆန်းဆန်းလေး သူများတွေလို ပုံတင်ချင်တာလည်း သူ့မှာ မရှိဘူး။ တင်မှာလားပြ၊ ကိုယ့်ကိုဆိုရင်လည်း မေမေ ဘာတွေတင်မှာလည်း ကိုယ်ကတော့ ဗရမ်းပတာတွေ တင်တာပေါ့နော်။ သူက အရမ်းစည်းစနစ်ရှိတယ်။ သူလုပ်မယ့်အရာတွေကို သူ့ဘာသာသူ Plan ချထားပြီးသား’’ လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Facebook
လက်ရှိမှာလည်း ဂင်္ဂါမေက မေကဗျာရဲ့ အထည်လုပ်ငန်းမှာ ကွန်ပျူတာပန်းထိုး၊ ဒီဇိုင်း အသစ်တွေ ထွင်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
‘’ကဗျာတို့ ဒီအလုပ်လုပ်မှ သင်တန်းတက်လိုက်တာပေါ့နော်။ သူက နဂိုကတည်းက ကွန်ပျူတာကို ကျွမ်းကျင်စွာကိုင်တတ်တယ်။ ပန်းချီ ဝါသနာပါတယ်။ ငယ်ငယ်လေးကတည်းက ပန်းချီသင်ထားတာလေ။ အဲဒီအခါကျတော့ သူ့အတွက် အထူးတလည်သင်စရာမလိုတော့ဘူး’’ လို့ ဆိုပါတယ်။
Photo: Ashley Phyo
မေကဗျာကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း အတော်ကြာနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင်အလုပ်ထက် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ စက်ချုပ်လုပ်ငန်းကို ပိုဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် နှင်းဆီအဖွဲ့သားတွေနဲ့အတူ အငြိမ့်ကလေ့ရှိတာကိုလည်း တွေ့ရပါတယ်။