ဒါရိုက်တာဝိုင်းဟာ ဇူလိုင်လ ၂၁ ရက်နေ့ မနက်မှာပဲ သမီးလေးတစ်ယောက် ပိုင်ဆိုင်ခွင့်ရလိုက်ပြီဖြစ်ပါတယ်။ သူဟာ အခုဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်တို့ရဲ့ ဖေဖေ ဖြစ်လို့နေပါပြီ။
Photo: Wyne
ဒါရိုက်တာဝိုင်းတို့ရဲ့ မိသားစုဘဝထဲကို ဒုတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သမီးလေးသဲသဲ ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါရိုက်တာဝိုင်းရဲ့ ဇနီးဟာ ဇူလိုင်လ ၂၁ ရက်နေ့ မနက်မှာပဲ ဒုတိယမြောက် သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီလို့ သိရပါတယ်။
‘’21 July 2019(Sunday) မနက် 5:00 am အချိန်တွင် ၅ပေါင်၁၅အောင်စ ရှိသော သမီးလေးအသဲ(အိမ်နာမည်)ကို ဝိတိုရိယဆေးရုံ ၌ အဆင်ပြေ ချောမွေစွာ မွေးဖွားခဲ့ပါသည်။ သမီး လေးမွေးဖွားရန်အတွက် အစစအရာရာ ကူညီပေးခဲ့ကြသော ဦးဇော်ဝင်းရှိန်နှင့်ဇနီး၊ ဝိတိုရိယဆေးရုံအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များ ၊ လာရောက်အားပေးသော ကိုနေလင်းဦးနှင့်မမီး၊ သမီးလေး ကိုယ်ဝန် စရှိစဉ်ကတည်းက မွေးဖွားပြီးချိန်ထိ မိခင် နှင့် ကလေးကို ဂရုတစိုက် စောင့်ရှောက်ပေးပါသော ပါမောက္ခ ဆရာဝန်မကြီး ဒေါက်တာ "ဒေါ်ခင်လေးကြွယ်"နှင့် ဒေါ်ခင်နှင်းဦး အဆင်ပြေချောမွေစွာ ခွဲစိတ် မွေးဖွားပေးခဲ့ကြသော ကလေးဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ "ဒေါ်အေးအေးသိန်း" ၊ မေ့ဆေးဆရာဝန်ကြီး ဒေါ်ရင်နွယ်တို့နှင့်တကွ ဆေးရုံတက်နေစဉ် ကာလအတွင်း ဂရုတစိုက ်စောင့်ရှောက်ပေးကြသော ဝိတိုရိယ ဆေးရုံမှ တာဝန်ရှိဆရာဝန်များ၊ သူနာပြုများ နှင့် ဝန်ထမ်းများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၆ နာရီ ၆ မိနစ်က ဝိုင်းရဲ့ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
Photo: Wyne
အဲဒီနောက် သမီးလေးအတွက် လက်ဆောင် ပို့ပေးကြတဲ့ မိတ်ဆွေများစွာတို့ကိုလည်း ဒါရိုက်တာဝိုင်းက ကျေးဇူးတင်စကား ဆက်လက် ပြောပြလာပါသေးတယ်။
‘’အနယ်နယ် အရပ်ရပ်မှ သမီးလေးအတွက် မမွေးခင်ကတည်းက မေတ္တာဖြင့် လက်ဆောင်ပစ္စည်းများ ကြိုတင်ပေးပို့ပေးခဲ့ကြသော မိတ်ဆွေများ။ အားလုံးကို ကျွန်တော်တို့မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဒါရိုက်တာဝိုင်းမိသားစု #21719 #heart #victoria #twotwofamily’’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့တယ်။
Photo: Wyne
ဒါရိုက်တာဝိုင်းနဲ့ ဇနီးဖြစ်သူ အိသဉ္ဇာရှိန် တို့ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ Novotel Hotel မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားလေးကိုတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒါရိုက်တာ ဝိုင်းဟာ သားတစ်ယောက်၊ သမီးတစ်ယောက်တို့ရဲ့ ဖခင်ဖြစ်သွားပါပြီ။ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း ဂုဏ်ပြုစကားတွေ အများကြီး ပြောခဲ့ကြပါသေးတယ်။
Photo: Wyne
ဒါရိုက်တာ ဝိုင်းဟာ ၂၀၁၃ ခုနှစ်က ‘’စေတန်ရဲ့ ကချေသည်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၅ ခုနှစ်မှာ ‘’ကျွန်မက နှင်းဆီပါ မောင်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ‘’ရင်ဘတ်ထဲက ဓား’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကိုယ်ပိုင်ဇာတ်ညွှန်းဆုကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကိုလည်း ရွှေကြာ ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြန်ပါတယ်။ အဲဒီနောက် မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ပြုလုပ်တဲ့ Asean International Film Festival 2019 ပွဲမှာ ဒါရိုက်တာဝိုင်းက Special Jury Awards ဆုကို ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ရရှိခဲ့ပါတယ်။