မျိုးဆက်သစ် PS5 ကိုတော့ ၂၀၂၀ ခုနှစ်မှာ မျက်ဝါးထင်ထင်မြင်တွေ့ကစားနိုင်တော့မှာပါ။

      Console Gaming လောကရဲ့ အကြီးဆုံးလို့ဆိုနိုင်တဲ့ Sony ရဲ့ PlayStation ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် မျိုးဆက်သစ်ဖြစ်လာမယ့် PlayStation 5 ထွက်ရှိမယ့်အချိန် အပါအဝင် အချက်အလက်အချို့ကို မကြာသေးခင်ကမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


         Sony ဟာ ဂိမ်းစက်အသစ်ကို ရိုးရာအတိုင်း PlayStation 5 လို့ပဲ ခေါ်သွားမယ်ဆိုတာအပြင် ထွက်ရှိမယ့်အချိန်ကို ထုတ်ပြန်ခဲ့တယ်ဆိုပေမယ့် ရက်အတိအကျကြီးတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ PlayStation 5 ကို ၂၀၂၀ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်း အားလပ်ရက်ရှည်ရာသီဖြစ်တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာ ဝန်းကျင်မှာ ဂျပန်နိုင်ငံနဲ့ အမေရိကန်ဈေးကွက်တို့ကို ဖြန့်ချိသွားမယ်လို့ အတည်ပြုပေးခဲ့တာပါ။

အချို့ကတော့ PlayStation 4 ကိုထုတ်ပေးခဲ့တဲ့ နိုဝင်ဘာလမှာ ထွက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ PlayStation 5 နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်အတိအကျကိုတော့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာကျင်းပမယ့် PlayStation Meeting အလွန်မှာ သိရမယ်လို့ ယုံကြည်နေသူတွေလည်း ရှိနေပါသေးတယ်။


         PlayStation 5 ဂိမ်းစက်မှာ CPU ကို AMD ရဲ့ 3rd-generation, 8 cores ပါဝင်တဲ့ Ryzen Processor ကိုအသုံးပြုသွားမှာဖြစ်ပြီး GPU မှာလည်း AMD ရဲ့ Radeon Graphic Card ကို အသုံးပြုသွားမှာပဲဖြစ်ပါတယ်။ အဲဒီ AMD Radeon Graphic Card မှာ Nividia ရဲ့ RTX Series Graphic Card တွေမှာစတင်မိတ်ဆက်ခဲ့တဲ့ Ray Tracing ပါဝင်လာမှာပါ။


Ray Tracing ဆိုတာကတော့ ဂိမ်းတွေရဲ့ရုပ်ထွက်တွေကို သာမန်ထက်အဆပေါင်းများစွာ သဘာဝကျ ကောင်းမွန်စေမယ့် နည်းပညာသစ်ပဲဖြစ်ပါတယ်။ PlayStation 5 မှာအသုံးပြုမယ့် 2-GHz GPU ဟာ Xbox One X ရဲ့စွမ်းဆောင်ရည်ထက် နှစ်ဆလောက် ပိုမိုသာလွန်မှာဖြစ်ပြီး Nividia ရဲ့ RTX 2080 နဲ့တူညီတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ Loading Time တွေကို ပိုမိုမြန်ဆန်စေမယ့် SSD(Solid State Drive) လည်း ပါဝင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

         PlayStation 5 Controller ကတော့ PlayStation 4 ရဲ့ Controller နဲ့ တစ်ပုံစံတည်းနီးပါးတူတယ်လို့ Wired က စာရေးသူတစ်ဦးကပြောပါတယ်။ ဒီတစ်ခါ Controller မှာတော့ အားသွင်းရတာပိုမိုမြန်ဆန်မယ့် USB Type-C ကိုအသုံးပြုပေးထားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Adaptive Triggers နဲ့ Haptic Feedback ဆိုတဲ့ Feature အသစ်နှစ်ခုလည်း ပါဝင်လာဦးမှာပါ။


Adaptive Triggers ဆိုတာကတော့ ဂိမ်းထဲမှာ မြားပစ်တဲ့အခါ လေးကြိုးဆွဲတဲ့နေရာမှာ အပြင်မှာ တကယ်ကိုင်ပြီး ပစ်နေရသလို ခံစားချက်မျိုးကို ပေးစွမ်းနိုင်တဲ့ Feature ပဲဖြစ်ပါတယ်။ နောက် Feature တစ်ခုဖြစ်တဲ့ Haptic Feedback ရဲ့ Astonishing Effects ဆိုတာကို Enable လုပ်လိုက်ရင်တော့ ဂိမ်းထဲကအခြေအနေတွေအတိုင်း Controller ကိုင်ထားသူက ခံစားရမှာပါ။ ဥပမာ သဲပေါ် ဒါမှမဟုတ် ရွှံ့ပေါ်ကိုရောက်နေရင် လေးလေးကန်ကန်ကြီးဖြစ်နေမယ်၊ ရေခဲပြင်ပေါ်ရောက်နေရင်ခဲ့ရင် Controller ကထုတ်ပေးတဲ့ ကြိမ်နှုန်းမြင့် Response တွေကြောင့် ကိုင်ထားတဲ့လက်ပါ ရေခဲပြင်ပေါ်ရောက်နေသလို ချော်ချွတ်တဲ့ခံစားမျိုးကိုခံစားရမယ့်၊ ကြိုးတံတားပေါ်လမ်းလျှောက်နေရင် တအိအိနဲ့ လှုပ်တုပ်တုပ်ဖြစ်နေတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင် စသဖြင့်ပါပဲ။

         Sony ဟာ ဒီနှစ်ရဲ့ ဧပြီလတုန်းက Wall Street ဂျာနယ်ကို လာမယ့်တစ်နှစ်တိတိအတွင်းမှာ PlayStation မျိုးဆက်သစ် Console ကိုထုတ်ပေးဖို့မရှိသေးဘူးလို့ ဆိုခဲ့တာကြောင့် PlayStation 5 ဟာ ၂၀၂၀ မေလအလွန်မှာ အစောဆုံးထွက်ရှိလာနိုင်ပါတယ်။


ဒါ့ပေမယ့် PlayStation ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့ XBox က သူတို့ မျိုးဆက်သစ် Console Project Scarlett ကို ၂၀၂၀ ခုနှစ်နှောင်းပိုင်းလောက်မှာ ထုတ်ပေးမှာဖြစ်တယ်လို့ ကြေညာထားတာကြောင့် အဓိကပြိုင်ဘက် PlayStation 5 ဟာ Project Scarlett မထွက်ရှိခင် သို့မဟုတ် ထွက်ရှိပြီး မကြာခင်မှာ ပရိသတ်လက်ထဲရောက်လာဖို့က ဖြစ်နိုင်ချေပိုများပါတယ်။

ဂိမ်းနဲ့ပတ်သတ်တဲ့ကျွမ်းကျင်သူအချို့ကတော့ PlayStation 5 ရဲ့ဈေးနှုန်းဟာ $500 ဝန်းကျင်ရှိမှာဖြစ်ပြီး PlayStation 5 Pro ကိုလည်း ထုတ်ပေးသွားဦးမှာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဘာပဲပြောပြော PlayStation 5 ဟာ ၂၀၂၀ ထဲမှာ ထွက်လာဖို့သေချာပြီဖြစ်တာကြောင့် မြန်မာနိုင်ငံကဂိမ်မာတွေအနေနဲ့ ဦးဦးဖျားဖျားကိုင်ချင်တယ်ဆိုရင်တော့ အခုကတည်းက ပိုက်ဆံစုထားဖို့တိုက်တွန်းချင်ပါတယ်။

Written by Myo Thant Kyaw

Share

Loading Next Article...
က္က