မိုဘိုင်းလ်ပိုက်ဆံအိတ် (Digital Wallet) တွေဟာ ဒီနေ့ခေတ်ရဲ့ ခေတ်ပေါ် လူမှုပုံစံတစ်ရပ် ဖြစ်လာပါတယ်။ စမတ်ဖုန်းထဲမှာ Mobile Money App တစ်ခု ရှိရုံနဲ့တင် ငွေပေးငွေချေကိစ္စတွေကို မိနစ်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်လာပြီ ဖြစ်ပါတယ်။
အထူးသဖြင့် အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးအတွက် အပြင်မထွက်ဘဲ Stay Home နေချိန်မှာ မိုဘိုင်းလ်ပိုက်ဆံအိတ်တွေ ရှိတာဟာ မကြုံဖူးလောက်အောင် အသုံးဝင်လာပါတယ်။ တကယ်တော့ Mobile Wallet တစ်ခုကို အသုံးချနိုင်တဲ့ နေရာတွေ အများကြီး ရှိပါတယ်။
သူငယ်ချင်း/မိဘဆွေမျိုးတွေဆီ ငွေလွှဲမလား ၊ ဖုန်းဘေလ်ဖြည့်ဖို့ သုံးမလား ။ ဒါမှမဟုတ် အွန်လိုင်းပေါ်က ဂိမ်းနဲ့ ရုပ်ရှင်ဖျော်ဖြေရေးအတွက် Payment လုပ်မလား။ နိစ္စဒူဝကိစ္စအတော်များများကို မိုဘိုင်းလ် Wallet တစ်ခုရှိရုံနဲ့ အဆင်ပြေအောင် ဖြေရှင်းနိုင်ပါတယ်။
မိုဘိုင်းလ်ပိုက်ဆံအိတ်တွေ အသုံးများလာတဲ့ အခုလို ကာလမျိုးမှာ ကိုယ့်ရဲ့ မိုဘိုင်းလ်ပိုက်ဆံအိတ်ကို အကျိုးရှိရှိနဲ့ ထိရောက်အောင် အသုံးချသင့်တဲ့ နည်းလမ်းတစ်ချို့ကို အကြံပြုချင်ပါတယ်။
အွန်လိုင်းသင်တန်းကြေး
Career Development အတွက် ပညာရပ်သစ်တွေကို အွန်လိုင်းကနေ သင်လို့ရပါတယ်။ အင်္ဂလိပ်စကားပြောပဲ သင်မလား ၊ Digital Marketing အကြောင်း သိချင်သလား ၊ Programming သင်တန်း တက်ချင်သလား။ အွန်လိုင်းကနေ သင်ပေးနေတဲ့ သင်တန်းတွေ ရှိပါတယ်။
ဒီသင်တန်းတွေအတွက် သင်တန်းကြေးကိုလည်း အွန်လိုင်းကနေ ပေးလို့ ရပြီ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Digital Wallet ကို ကိုယ့်တိုးတက်စေမယ့် ပညာရပ်သစ်တွေ သင်မယ့် Online Course မှာ သင်တန်းကြေးပေးဖို့အတွက် အသုံးချသင့်ပါတယ်။
အိမ်သုံး အင်တာနက်ကြေး
ပုံမှန်အင်တာနက် သုံးဖြစ်သူဆိုရင် မိုဘိုင်းလ်ဒေတာထက် အိမ်သုံး WiFi အင်တာနက်တစ်မျိုးမျိုး တပ်ထားတာ ပိုပြီး အဆင်ပြေပါတယ်။ အွန်လိုင်းကနေ အလုပ်လုပ်နေသူတွေ ၊ အင်တာနက်နဲ့ ပညာသင်နေသူတွေ နဲ့ နေ့စဉ်ဘဝမှာ အင်တာနက်နဲ့ ကင်းကွာလို့ မရသူတွေအတွက် အိမ်သုံးမြန်နှုန်းမြင့်အင်တာနက်တွေက အကုန်အကျပိုသက်သာမှာပါ။
အခုနောက်ပိုင်း အိမ်မသုံး အင်တာနက်လစဉ်ကြေးတွေကို ဘဏ်အကောင့်တွေအပြင် မိုဘိုင်းပိုက်ဆံအိတ်သုံးပြီး ဆောင်လို့ရပြီ ဖြစ်ပါတယ်။
မီတာဘေလ်
လစဉ် အိမ်သုံး မီတာခကိုလည်း အွန်လိုင်းငွေချေစနစ်နဲ့ ပေးဆောင်နိုင်ပြီ ဖြစ်ပါတယ်။ Mobile Money app တွေမှာလည်း လစဉ်မီတာဘေလ်ဆောင်လို့ ရမယ့် Option တစ်ခု ထည့်ပေးထားပါတယ်။ မီတာဘေလ်ကို မိုဘိုင်းပိုက်ဆံအိတ်ကနေ တစ်ဆင့် ပေးဆောင်နိုင်တာကြောင့် အရင်လို အလုပ်ပျက်ခံပြီး မီတာရုံးမှာ လူကိုယ်တိုင် သွားစရာမလိုတော့ပါဘူး။
အွန်လိုင်းအရောင်းအဝယ်
ကိုယ်က Online Shopping လုပ်နေတယ်ဆိုရင် ကိုယ့်ဆီမှာ ဘဏ်အကောင့်တွေအပြင် လူသုံးများတဲ့ Mobile Money အကောင့်တွေ ရှိထားဖို့ လိုပြီ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်က ပစ္စည်းမှာတဲ့ Customer ဆိုရင်လည်း Mobile Payment တွေနဲ့ ကင်းလို့ မဖြစ်ပါဘူး။ ကိုယ့်မှာ Digital Wallet တစ်ခု ရှိမယ်ဆိုရင် အွန်လိုင်းပေါ်က ပစ္စည်းဝယ်တာပဲ ဖြစ်ဖြစ် ၊ ရောင်းချတာပဲ ဖြစ်ဖြစ် ငွေပေးငွေချေလုပ်ရာမှာ ပိုပြီး လွယ်ကူချောမွေ့မှာ ဖြစ်ပါတယ်။