ဒဏ်ရာရရှိခဲ့သူလည်း (၅)ဦးရှိခဲ့ပါတယ်။

မန္တလေးတိုင်း ဒေသကြီး ၊မိုးကုတ်မြို့မှာ မိုးများပြီး မြေပြိုမှုတွေဖြစ်ပွါးခဲ့ရာလူသေဆုံးမှုတွေရှိခဲ့ပါတယ်။

စက်တင်ဘာလ (၁၆)ရက်နေ့ကစပြီး မနေ့ကထိ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် တောင်စောင်းမြေတွေပြိုကျခဲ့ပြီး အိမ်တွေအပေါ် မြေပြိုမှုတွေဖြစ်ပွါးခဲ့တာပါ။

မြေပြိုကျမှု ဖြစ်စဉ်အတွင်းမှာတော့ မိသားစုဝင်(၃)ဦးအပါအဝင် (၄)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ ဒီနေ့ကတော့ ရာသီဥနည်းနည်း ပြန်ကောင်းလာပါတယ်။ မနေ့ကထိ မိုးရွာခဲ့ပြီး မြေပြိုမှုအတွင်းမှာတော့ အားလုံး (၄)ဦးသေဆုံးခဲ့ပါတယ်။ (၃)ဦးက မိသားစုလိုက်သေဆုံးခဲ့တာပါ။ တောင်စောင်းအောက်မှာ အိမ်ဆောက်နေတာဆိုတော့ အိမ်ပေါ်ကိုမြေပိသွားတာပါ။ သေဆုံးသူ (၄)ဦးစလုံးကိုလည်း သင်္ဂြိုလ်မှုတွေလုပ်ပြီးပြီ”လို့မိုးကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းတင်က Duwun ကို ပြောပါတယ်။

မိုးကုတ် မြေပြိုမှုအတွင်း သေဆုံးသူ (၄)ဦး ရှိခဲ့သလို ဒဏ်ရာရရှိသူ (၅)ဦးရှိခဲ့ပါတယ်။

သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရာရရှိခဲ့သူတွေကို လူမှုဝန်ထမ််းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထောပ်ပံ့မှုအနေနဲ့ သေဆုံးသူတစ်ဦးကို (၃)သိန်းကျပ်နဲ့ ဒဏ်ရာရရှိသူတစ်ဦးကို (၁)သိန်းကျပ်ဆီ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်က နှစ်စဉ်နှစ်တိုင်း မိုးကြီးကာ မြေပြိုမှု အန္တာရာယ်ကို ကြုံတွေ့နေရပြီး နှစ်တိုင်း လူသေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ မနှစ်က မြေပြိုမှု ဖြစ်စဉ်အတွင်းမှာလည်း (၄)ဦးသေဆုံးခဲ့တယ်လို့ ဦးသောင်းတင်ကပြောပါတယ်။

မိုးကုတ်မြို့နယ်အတွင်းမှာက အခြေခံပြည်သူလူထုအနေနဲ့ အခုလိုတောင်စောင်းမြေနေရာတွေမှာ အိမ်လေးတွေဆောက်ပြီးနေကြသလို တချို့က ကျူးကျော််နေထိုင်တာတွေလည်းရှိတယ်လို့သိရပါတယ်။

မြေပြိုမှု အန္တရာယ်ကလည်း နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းတဲ့ အခါမှာဆို ဒီလိုအဖြစ်အပျက်မျိုးတွေကြောင့် လူသေဆုံးမှုတွေ နှစ်တိုင်းရှိနေတာလည်းဖြစ်ပါတယ်။



Share

Loading Next Article...
က္က