ဒီကနေ့ မနက် ထပ်တိုးလူနာဖြစ်တဲ့ လူနာနံပါတ် (၂၄၉) အသက်(၂၄)နှစ်အရွယ် အမျိုးသမီးက လွယ်ဂျယ်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး ပြည်ပကပြန်လာလို့ Quarantine ထားရှိထားတဲ့သူတွေကို ကျန်းမာရေး စစ်ဆေးမှုတွေလုပ်ဆောင်ပေးနေသူတစ်ဦးပါ။
ပြည်ပကပြန်လာတဲ့သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အယောက်(၃၀၀)ကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ လူနာနံပတ် (၂၄၉)တစ်ဦးမှာသာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ သူကကျန်းမာရေးဝန်ထမ်းတစ်ဦးပါ။ Quarantine ထားတဲ့သူတွေကို စစ်ဆေးပေးနေရတဲ့သူပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းက Quarantineဝင်နေတဲ့သူတွေနဲ့ သူတို့နဲ့ ထိတွေ့ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကို ဓာတ်ခွဲစစ်ဆေးခဲ့တာ (၃၀၀)ကျော်ရှိတယ်။ အဲဒီထဲမှာ ၁ယောက်ပဲ positive တွေ့ခဲ့တာ။ အခုတွေ့တဲ့လူနာကလည်း ဘာရောဂါလက္ခာမှမပြဘူး။ ဓာတ်ခွဲစစ်ဆေးတော့မှ ရောဂါပိုးတွေ့ရတာ။ ကျန်းမာရေးကတော့ ကောင်းမွန်ပါတယ်" လို့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးသိန်းလွင်က Duwun ကိုပြောပါတယ်။
လူနာနံပါတ် (၂၄၉)က အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိထားသလို ခရီးသွားရာဇဝင်လည်းမရှိထားဘဲ တာဝန်ထမ်းဆောင်ရင်းရောဂါပိုးကူးစက်ခံခဲ့ရတာပါ။
လက်ရှိမှတော့ လူနာက လွယ်ဂျယ်ဆေးရုံမှာရှိနေပြီး ဒီကနေ့ မှာပဲ ဗန်းမော်ဆေးရုံကို လွှဲပြောင်းကာ ဆေးကုသမှုဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံနဲ့ ထိုင်းက ပြန်လာတဲ့သူတွေကို Quarantine ထားရှိထားပြီး အများဆုံးက တရုတ်နိုင်ငံကဖြစ်တယ်လို့ သိရပါတယ်။
လူနာနံပါတ်(၂၄၉)က ကချင်ပြည်နယ်ရဲ့ ဒုတိယမြောက်လူနာဖြစ်ပြီး ပထမဆုံးကချင်ကလူနာဖြစ်တဲ့ ချန်းရိဖိနပ်စက်ရုံက ဝန်ထမ်းကတော့ ရောဂါပျောက်ကင်းသွားပြီလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ လူနာနံပါတ် (၂၄၉)နဲ့ ထိတွေ့ထားတဲ့သူတွေကို စစ်ဆေးပြီး Quarantine ထားရှိသွားမယ်လို့ သိရပါတယ်။