ပြည်သူတွေရဲ့ လိုက်နာမှုကအားနည်းတယ်လို့ သိရပါတယ်။

COVID 19 ပိုးတွေ့လူနာတွေတွေ့ရှိထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်(၁၀)ခုကို semi lock down လုပ်ဆောင်ခဲ့ရာမှာ မေလ(၁၄)ရက်နေ့က (၄)မြို့နယ်ကို semi lock down ဖြေလျော့ပေးခဲ့ပြီး မေလ(၂၉)ရက်နေ့မှာတော့ နောက် ထပ် (၄)မြို့နယ်ကို ထပ်မံဖြေလျော့ပေးလိုက်ပါပြီ

ထပ်မံဖြေလျော့လိုက်တဲ့ မြို့နယ်တွေက ပန်းဘဲတန်းမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တို့ဖြစ်ပြီး မေလ (၂၉)ရက်နေ့ မနက်(၄)နာရီကစပြီး ဖြေလျော့ပေးမှာဖြစ်ပါတယ်။ semi lock down ကာလအတွင်းမှာတောင် ပြည်သူတွေရဲ့ လိုက်နာမှုကအားနည်းခဲ့တာကြောင့် အခုလို ဖြေလျှော့လိုက်တယ်ဆိုရင် နောက်ပိုင်းမှာ ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေရှိလာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။



“ ပြောရရင် lock down ကာလမှာကတည်းက ပြည်သူတွေကစည်းကမ်းချက်တွေကို လိုက်နာမှုရှိခဲ့တာ မဟုတ်ဘူး။ ပုံမှန်အတိုင်းလိုပဲ နေခဲ့ကြတာ။ အခု ဖြေလျော့လိုက်ပြီဆိုတော့ ထိန်းချုုပ်ရတာ ပိုဆိုးမှာပေါ့။ ကျွန်တော်ကတော့ အခက်အခဲရှိလာနိုင်တယ်လို့ ထင်တယ်။ lock down ကာလနဲ့ ဖြေလျော့လိုက်တဲ့ကာလကတော့ သိပ်ပြီး ကွာခြားလာမှာ မဟုတ်ပါဘူး။ အရင်ကတည်းကလည်း မလိုက်နာကြပါဘူး။ မြန်မာနိုင်ငံက သူများနိုင်ငံတွေထက်စာရင် ပိုးတွေ့လူနာလည်းနည်းတော့ ကြောက်လန့်မှုသိပ်မရှိကြဘူးလို့" တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်က Duwun ကိုပြောပါတယ်။ 

Semi Lock Down ဖြေလျှာ့မှုမှာ ပါဝင်တဲ့ တာမွေမြို့နယ်မှာတော့ ပြည်သူတွေရဲ့ လိုက်နာမှုအားနည်းတာကြောင့် နောက်ပိုင်းကာလတွေ ရောဂါထိန်းချုပ်ရေးအပိုင်းမှာ အခက်အခဲရှိလာနိုင်သလို ပန်းဘဲတန်းမြို့နယ်မှာလည်း ယခုလို အခက်အခဲတွေရှိနိုင်တယ်လို့ ဆိုပါတယ်။ 

“ အစ်မတို့ မြို့နယ်မှာကျတော့ ကိုယ့်ရပ်ကွက်နေပြည်သူလူထုကို ထိန်းချုပ်ရတာထက် အပြင်ကလာတဲ့သူတွေကို ထိန်းချုပ်ရတာပိုဆိုးတယ်။ တချို့ က စည်းကမ်းချက်တွေကို မသိချင်ယောင်ဆောင်သလိုလို၊ မလိုက်နာသလိုလိုတွေလုပ်ကြတာ။ အခုလို ဖြေလျော့လိုက်ပြီဆိုရင်တော့ နောက်ပိုင်းမှာ ပိုပြီးအခက်အခဲတွေရှိလာနိုင်တယ်။ Lock down ကာလအတွင်းမှာလည်း စည်းကမ်းမလိုက်နာလို့ အရေးယူမှုတွေလည်းရှိခဲ့ပါတယ်” လို့ ပန်းဘဲတန်းမြိုကနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က Duwun ကို ပြောပါတယ်။ 

ရန်ကုန်မှာနောက်ထပ်မြို့နယ် (၄)မြို့နယ်ကို Semi lock Down ပယ်ဖျက်လိုက်ပြီဖြစ်လို့ Semi lock Down မြို့နယ်အဖြစ် အင်းစိန်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်သာ ကျန်ရှိတော့မှာဖြစ်ပါတယ်။ COVID ကာလအတွင်းမှာ အစိုးရက ထုတ်ပြန်ထားတဲ့ စည်းကမ်သတ်မှတ်ချက်တွေကလည်း မေလ(၃၁)ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်လို့ အဲဒီနေ့ကစပြီး သတ်မှတ်ချက်တချို့ကို ဖြေလျော့ပေးမယ်လို့ လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့မှာပဲ သူ့ရဲ့ လူမှုကွန်ရက်စာမျက်မှာက အသိပေးပြောကြားခဲ့ပါတယ်။

COVID ကာလအတွင်းမှာ လူ(၅)ဦးထက်ပိုပြီး မစုဝေးကြဖို့ ကနဦးထုတ်ပြန်ထားခဲ့ရာ ယခုအခါမှာတော့ မဖြစ်မနေ လူစုလူဝေးဖြစ်နိုင်တဲ့ လုပ်ငန်းခွင်တွေ၊ ကျောင်းတွေနဲ့ သက်မှတ်ချက်နဲ့အညီဖွင့်လှစ်ခွင့်ပြုထားတဲ့ စားသောက်ဆိုင်တွေနဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာတော့ (၅)ဦးထက်ပိုပြီး စုဝေးခွင့်ရကြောင်းကိုလည်း ဒီကနေ့ မေလ (၂၈)ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဒီကနေ့ မေလ (၂၈)ရက်နေ့ထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၂၀၆)ဦးအနက် (၁၂၆)ဦးမှာ ရောဂါပျောက်ကင်းကာ (၆)ဦးသေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က