ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့တာဖြစ်ပြီး အဆင့် (၆)နေရာကိုပါ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးကို အဝေးကွင်းမှာ (၆-ဝ)နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့ပြီးနောက်မှာ ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာက ချယ်လ်ဆီးအသင်း ပရိသတ်တွေကို တောင်းပန်စကားပြောကြားသွားခဲ့ပါတယ်။
ဆာဂျီယိုအဂူရိုရဲ့ ဟက်ထရစ်သွင်းဂိုး၊ ရာဟင်စတာလင်က (၂)ဂိုးနဲ့ ဂန်ဒိုဂန်က (၁)ဂိုး သွင်းယူခဲ့ပြိးနောက် ချယ်လ်ဆီးဟာ အီတီဟတ်မှာ (၆)ဂိုးပြတ်နဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။ ချယ်လ်ဆီးဟာလည်း ပြိုင်ပွဲစုံအဝေးကွင်း (၄)ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ရပြီး ပရီးမီးယားလိဂ်မှာ အဝေးကွင်း (၃)ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ကာ ပေးဂိုး (၁၂)ဂိုးနဲ့ ရှိခဲ့ပြီး ရဂိုးကလည်း တစ်ဂိုးမှ မရှိခဲ့တာ ဖြစ်ပါတယ်။
"ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ တကယ့်ကို အဆိုးဝါးဆုံး ညတစ်ညပါပဲ၊ ဘယ်လိုတွေဖြစ်ခဲ့တာလဲဆိုတာကို ရှင်းပြဖို့ တော်တော်ခက်ခဲပါတယ်၊ ပထမ (၅)မိနစ် (သို့) (၆)မိနစ်မှာ ကစားပုံကောင်းမွန်ခဲ့ပေမယ့် ဒါက လုံလောက်တဲ့ စွမ်းဆောင်ရည်တော့ မဟုတ်ခဲ့ပါဘူး၊ အရမ်းစိတ်ပျက်စရာပါပဲ၊ ပေးဂိုးအများအပြားခွင့်ပြုခဲ့ရပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း ဒါကို လက်မခံနိုင်ခဲ့ပါဘူး"
"ကစားပုံမကောင်းတဲ့အချိန်၊ အမှားအယွင်းတွေကို ကျူးလွန်ချိန်မှာတော့ ၆-၀ ဆိုတဲ့ ရလဒ်ကို လက်ခံရမှာပါပဲ၊ ဒါက တော်တော်လေး ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ ဒီဇင်ဘာတုန်းက ကျွန်တေ်ာတို့ သူတို့ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်၊ အဲဒီတုန်းက ကစားပုံကောင်းမွန်ခဲ့ပြီး ဒီနေ့မှာတော့ ကစားပုံ ဆိုးရွားနေခဲ့တာပါ"
"ပရိသတ်တွေကို ကျွန်တော် တောင်းပန်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိလို့ပါပဲ" လို့ အက်ဇ်ပီလီကွီတာက Sky Sports နဲ့ တွေ့ဆုံမှုမှာ ပြောကြားသွားခဲ့ပါတယ်။ ရှုံးပွဲနဲ့အတူ ချယ်လ်ဆီးကလည်း အဆင့် (၄)နေရာက မန်ချက်စတာယူနိုက်တက်ထက် တစ်မှတ်လျော့နည်းသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာခဲ့ပါတယ်။