မက္ကစီကိုနိုင်ငံ အလယ်ပိုင်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုကို သေနတ်သမားများက စီးနင်းတိုက်ခိုက်ခဲ့မှုကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
(Photo: Reuters)
မက္ကစီကိုဒေသစံတော်ချိန် ဇူလိုင် ၂ ရက်နေ့က နိုင်ငံအလယ်ပိုင်း Irapuato မြို့ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစင်တာ တိုက်ခိုက်ခံရမှုအတွင်း အခြား လူခုနစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာသူတွေအနက် သုံးဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း ရဲတပ်ဖွဲ့ကို ကိုကားပြီး BBC သတင်းက ပြောပါတယ်။
ယခုဖြစ်ရပ်ဟာ Guanajuato ပြည်နယ် Irapuato မြို့ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုမှာ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှုလည်း ဖြစ်လာပါတယ်။ တိုက်ခိုက်ရတဲ့အကြောင်းရင်းကို မသိရသေးပေမဲ့ မက္ကစီကို မူးယစ်ဂိုဏ်းတွေက ပြိုင်ဘက်ဂိုဏ်းမှ အဖွဲ့ဝင်တွေ ပုန်းအောင်နေတယ်လို့ ၎င်းတို့ ယုံကြည်ထားတဲ့ ပြန်လည်ထူထောင်ရေးစင်တာတွေကို မကြာခဏ တိုက်ခိုက်လေ့ရှိကြောင်း သိရပါတယ်။
(Photo: NEW.CN/Xinhua)
ယခု တိုက်ခိုက်ခံရတဲ့ စင်တာဟာ တရားဝင် မှတ်ပုံတင်ပြီး ဖွင့်လှစ်ထားခြင်း မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှုသတင်းကို ကြားသိရပြီးနောက် ပြန်လည်ထူထောင်ရေးစင်တာမှာ ရောက်ရှိနေသူတွေရဲ့ မိသားစုတွေက အပြေးအလွှား ရောက်ရှိလာခဲ့ကြပြီး ငိုယိုနေခဲ့ကြပါတယ်။
မက္ကစီကိုမှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစင်တာ ရာနဲ့ချီပြီး ရှိတယ်လို့ဆိုပါတယ်။ ယခု တိုက်ခိုက်မှုမတိုင်မီက အနီးအနားရှိ Starting a New Life အမည်ရှိ ပြန်လည်ထူထောင်ရေးစင်တာ တိုက်ခိုက်ခံခဲ့ရပြီး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။
(Photo: NEW.CN/Xinhua)
ယခုနောက်ဆုံး တိုက်ခိုက်မှုမှာ သေနတ်သမားတွေက ထရပ်ကားတစ်စီးထဲမှ ထွက်လာခဲကြပြီးနောက် အဆောက်အအုံထဲသို့ ပြေးဝင်သွားခဲ့ကြောင်းနဲ့ အတွင်းမှာရှိနေသူတွေကို ကြမ်းပြင်ပေါ်မှာ မှောက်ခိုင်းခဲ့ပြီး ပစ်ခတ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ "အလွန်ဆိုးဝါးတဲ့ အခြေအနေပါပဲ၊ ရာဇဝတ်ဂိုဏ်းတွေကြား ထိပ်တိုက်တွေ့မှုတစ်ခု ဖြစ်ပါတယ်၊ အချိန်အများစုမှာ ဒီဂိုဏ်းတွေကြား တိုက်ခိုက်မှုတွေရှိနေတယ်" လို့ မက္ကစီကိုသမ္မတ အန်းဒရက်စ် မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါက ပြောခဲ့ပါတယ်။
(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက်အပြောင်းအလဲ ရှိနိုင်ပါတယ်)