အမေရိကန်ကိုဝင်ရောက်ရန် ကြိုးပမ်းကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ဆိုပါတယ်

အမေရိကန်ကိုဝင်ရောက်ရန် ကြိုးပမ်းကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီး မက္ကစီကိုတောင်ပိုင်းမှာ တိမ်းမှောက်ခဲ့ရာ အနည်းဆုံး ၅၄ ဦး သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဗဟိုအမေရိကမှ လူအများအစုပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၀၀ ကျော်ကို တင်ဆောင်လာတဲ့ ထရပ်ကားဟာ ကြာသပတေးနေ့ (ဒီဇင်ဘာ ၉ ရက်) က မက္ကစီကိုနိုင်ငံ Chiapas ပြည်နယ် Tuxtla Gutierrez မြို့အပြင်ဘက်မှာ တိမ်းမှောက်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ထရပ်ကားဟာ လမ်းမအကွေ့နေ့ရာတစ်ခုမှာ တိမ်းမှောက်ခဲ့စဥ် နောက်တွဲကုန်တင်သေတ္တာ ပွင့်ထွက်သွားခဲ့ပြီး လူတွေ လွင့်စင်ကျကုန်ခဲ့တယ်လို့ ဆိုပါတယ်။



ထရပ်ကား တိမ်းမှောက်မှုအတွင်း သေဆုံးခဲ့သူတွေအနက် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ကြောင်း Chiapas ပြည်နယ် ပြည်သူ့ကာကွယ်ရေးဌာန အကြီးအကဲ Luis Manuel Garcia က ပြောပါတယ်။ ၎င်းတို့ဟာ မည်သည့် နိုင်ငံသားတွေဖြစ်ကြောင်း အတည်မပြုရသေးပေမဲ့ ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကတော့ ထရပ်ကားပေါ်မှာ လိုက်ပါလာတဲ့ လူအများစုဟာ ဟွန်ဒူးရပ်စ်နဲ့ ဂွာတီမာလာ နိုင်ငံတို့မှဖြစ်တယ်လို့ ဆိုပါတယ်။

ထရပ်ကား တိမ်းမှောက်မှုအတွင်း အနည်းဆုံး လူ ၅၈ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ အချို့ဟာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေဖြစ်ကြောင်း Luis Manuel Garcia က ပြောပါတယ်။ အဆိုပါ ထရပ်ကားဟာ အရှိန်လွန်မောင်းနှင်လာပုံရပြီး လမ်းအကွေ့တစ်ခုမှာ တိမ်းမှောက်သွားခဲ့ကာ Chiapas ပြည်နယ်မြို့တော် Tuxtla Gutiérrez မြို့သို့သွားရာ အဓိက လမ်းမတစ်ခုပေါ်ရှိ လူကူးတံတားကို တိုက်မိခဲ့ကြောင်း သိရပါတယ်။

မက္ကစီကိုနိုင်ငံရဲ့ Chiapas ပြည်နယ်ဟာ ဂွာတီမာလာနိုင်ငံနဲ့ ကုန်းမြေနယ်နမိတ်ထိစပ်နေပါတယ်။ ဂွာတီမာလာဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ခရီးတစ်ထောက်ရပ်နားတဲ့ အဓိက နေရာတစ်ခုလည်း ဖြစ်နေပါတယ်။ ဗဟိုအမေရိကမှာ ကြုံတွေ့နေရတဲ့ ဆင်းရဲမွဲတေမှုနဲ့ အကြမ်းဖက်မှုတို့ကနေ လွတ်မြောက်ရာသို့ ထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာဟာ နှစ်စဥ် မက္ကစီကိုကနေဖြတ်ပြီး အမေရိကန်ကိုဝင်ရောက်ရန် ကြိုးပမ်းကြပါတယ်။

၎င်းတို့အနက်မှ အများအပြားဟာ အန္တရာယ်ရှိတဲ့ ခရီးလမ်းရှည်တစ်လျှောက် လူအစုအပြုံလိုက်ကို ထရပ်ကားများပေါ်တင်ပြီး ပို့ဆောင်ပေးနေတဲ့ လူကုန်ကူးသူတွေကို ငွေပေးချေကြရပါတယ်။ International Organization for Migration (IOM) ရဲ့ အချက်အလက်တွေအရ အမေရိကန်-မက္ကစီကိုနယ်စပ်ဟာ ကမ္ဘာမှာ လူသေဆုံးမှုအများဆုံး နယ်စပ်ဖြတ်သန်းတဲ့နေရာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုနှစ် တစ်နှစ်တည်းမှာပင် ထိုနယ်စပ်မှာ လူ ၆၅၀ ထက်မနည်း နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းကြစဥ် သေဆုံးခဲ့ပြီး IOM က စာရင်းအချက်အလက် စတင်ပြုစုခဲ့ချိန်နောက်ပိုင်း အများဆုံးလည်း ဖြစ်ပါတယ်။ 

Photo: Jacob Garcia / Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က