မက္ကစီကိုနိုင်ငံတစ်ဝှမ်း နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ကွယ်လွန်သူတွေရဲ့နေ့ (Day of the Dead) ပွဲတွေကို စီစဉ်ကျင်းပကြမှာ ဖြစ်ပါတယ်။
(Photo: EPA)
မက္ကစီကိုမှာ အားလပ်ရက်အဖြစ်သတ်မှတ်ကာ နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိတဲ့ ကွယ်လွန်သူတွေရဲ့နေ့ ပွဲအခမ်းအနားများအကြို ပြင်ဆင်မှုတွေ နိုင်ငံတစ်ဝှမ်း လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ (အောက်တိုဘာ ၂၆ ရက်) က ကတ်ထရီနာ (Catrina) လို့ နာမည်ပေးထားတဲံ လူအများအပြားက အရိုးစုပုံစံ မျက်နှာမှာဆေးရေးခြယ်ပြီး ထူးခြားတဲ့ ဝတ်စုံများဖြင့် စီတန်းလှည့်လည်ပွဲကို ကျင်းပခဲ့ကြပါတယ်။
(Photo: Reuters)
အဆိုပါအမည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က မက္ကစီကို ကာတွန်းဆရာ José Guadalupe Posada ရေးဆွဲခဲ့တဲ့ လူ့အရိုးစုကာတွန်းပုံရဲ့အမည် ဖြစ်ပါတယ်။ မက္ကစီကိုမှာ ကတ်ထရီနာ စီတန်းလှည့်လည်ပွဲကို ကလေးလူကြီး မျိုးဆက်အားလုံး ပါဝင်ဆင်နွှဲကြတယ်လို့ ဆိုပါတယ်။ အကြီးဆုံး ကတ်ထရီနာ စီတန်းလှည့်လည်ပွဲကို မက္ကစီကိုမြို့တော်မှာ ကျင်းပပြုလုပ်ကြပြီး မက္ကစီကိုမြောက်ပိုင်းရှိ မွန်တာရေးကဲ့သို့ မြို့ကြီးတွေမှာလည်း ကျင်းပကြကြောင်း သိရပါတယ်။
(Photo: AFP)
မက္ကစီကိုမြို့တော် Tlahuac အရပ်မှာတော့ ကွယ်လွန်သူတွေရဲ့နေ့ အကြိုပြင်ဆင်မှုအဖြစ် လမ်းမတစ်ခုကနေ ကြီးမားတဲ့ လူ့အရိုးစုထိုးထွက်နေဟန် စီစဉ်ဖန်တီးထားရာ ဒေသခံ ကလေးငယ်တွေ သဘောကျနေကြတယ်လို့ ဆိုပါတယ်။ ကွယ်လွန်သူတွေရဲ့နေ့ အားလပ်ရက်နှစ်ရက်မှာ မက္ကစီကိုလူမျိုးတွေက ကွယ်လွန်သွားပြီဖြစ်တဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေအတွက် အောက်မေ့သတိရ ဆုတောင်းပေးကြရန် စုရုံးလေ့ရှိကြပါတယ်။
Source: AFP, BBC