• Featured

    မက္ကစီကို ဘားဆိုင် မီးရှို့တိုက်ခိုက်ခံရမှု ၂၅ ဦးထက်မနည်း သေဆုံး

ဘားဆိုင် ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားပြီး မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
[Zawgyi Version]

မက္ကစီကိုနိုင်ငံမှာ လူဆိုးဂိုဏ်းဝင်တွေက ဘားဆိုင်တစ်ခုကို တမင်ရည်ရွယ် မီးရှို့တိုက်ခိုက်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Felix Marquez/AP)

အင်္ဂါနေ့ (သြဂုတ် ၂၇ ရက်) ညပိုင်းက ဗာရာခရုဇ်ဒေသ ဆိပ်ကမ်းမြို့ Coatzacoalcos ရှိ Caballo Blanco (White Horse) ဘားဆိုင်မှာ မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့မှုအတွင်း နောက်ထပ် လူ ၁၁ ဦးလည်း မီးလောင်ဒဏ်ရာများ ဆိုးရွားစွာ ရခဲ့ကြတယ်လို့ သိရပါတယ်။

မီးလောင်မှုမှ လွတ်မြောက်ခဲ့သူတွေရဲ့ ပြောကြားမှုအရ လူဆိုးဂိုဏ်းအဖွဲ့ဝင်တွေက ဘားဆိုင်ရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားပြီး မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဘားဆိုင်ကို ပိတ်ဆို့ကာ မီးရှို့ခဲ့ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်းလည်း မက္ကစီကို မီဒီယာတွေက ပြောပါတယ်။

(Photo: Felix Marquez/AP)

မက္ကစီကိုသမ္မတ အန်းဒရက်စ် မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါက ယခုတိုက်ခိုက်မှုဟာ ရှက်စရာကောင်းကြောင်းနဲ့ သံသယရှိသူအချို့ လက်ရှိမှာ အဖမ်းမခံရသေးဘဲ မည်သို့လွတ်မြောက်နေကြောင်း စုံစမ်းစစ်ဆေးမယ်လို့ ဆိုပါတယ်။ အဆိုပါ စုံစမ်းစစ်ဆေးမှုဖြင့် သံသယရှိသူတွေ လွတ်မြောက်နေမှုဟာ အာဏာပိုင်တွေနဲ့ ဆက်စပ်နေခြင်းရှိ မရှိ ကောက်ချက်ချသွားမယ်လို့လည်း သမ္မတက ပြောခဲ့ပါတယ်။

ဗာရာခရုဇ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Cuitlahuac Garcia က ရဲတပ်ဖွဲ့အနေနဲ့ ဘားဆိုင်ကို မီးရှို့တိုက်ခိုက်ခဲ့သူတွေကို လိုက်လံရှာဖွေနေကြောင်းနဲ့ ၎င်းတို့ကို ပြစ်ဒဏ်မှ လွတ်မြောက်စေမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပါတယ်။ ဘားဆိုင်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြောင်း သံသယရှိသူတစ်ဦးဖြစ်တဲ့ ရီကာဒို အမည်ရှိသူကို ပြီးခဲ့တဲ့လအတွင်း ဖမ်းဆီးခဲ့ပြီး ၄၈ နာရီအကြာမှာ ပြန်လွှတ်ပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Cuitlahuac Garcia က နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

မီးရှို့တိုက်ခိုက်ခံရတဲ့ White House ဘားဆိုင် အပြင်ဘက်မှာ လမ်းမပေါ်မှာ ရဲတပ်ဖွဲ့ဝင်များ၊ လူအုပ်စုများနဲ့ အရေးပေါ်ကားများ ပြည့်နှက်နေခဲ့ပါတယ်။ ဘားဆိုင်အနီးမှာတွေ့ရတဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့သားကို ရှာဖွေနေကြောင်း AFP သတင်းထောက်ကို ပြောခဲ့ပြီး သူမကဲ့သို့ပင် အခြားသူအများအပြားဟာလည်း ၎င်းတို့နဲ့ပတ်သက်သူတွေကို ရှာဖွေနေခဲ့ကြတယ်လို့ ဆိုပါတယ်။

သူမရဲ့ သားဖြစ်သူဟာ ဘားဆိုင်မှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူဖြစ်ကြောင်းနဲ့ ဆေးရုံတွေမှာ သွားရောက်ရှာဖွေခဲ့ပြီး ဖြစ်တယ်လို့ ထိုအမျိုးသမီးက ပြောခဲ့ပါတယ်။ အာဏာပိုင်တွေနဲ့ စုံစမ်းစစ်ဆေးသူတွေကတော့ ယခု မီးလောင်မှုဟာ အလွန်ဆိုးရွားတဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ခဲ့ဖွယ်ရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောထားပါတယ်။

(Photo: Felix Marquez/AP)

မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ ဆက်စပ်နေတဲ့ လူဆိုးဂိုဏ်း အကြမ်းဖက်မှုတွေဟာ မက္ကစီကိုရဲ့ အကြမ်းဖက်မှုအဖြစ်ဆုံး ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်တဲ့ ဗာရာခရုဇ်မှာ ထူးခြားလှတဲ့ ဖြစ်ရပ်မဟုတ်ဘူးလို့ ဆိုပါတယ်။ ထိုဒေသဟာ အမေရိကန်သို့ မူးယစ်ဆေးဝါးပို့ဆောင်မှု သို့မဟုတ် လူကုန်ကူးမှုတွေအတွက် အဓိက လမ်းကြောင်းတစ်ခုလည်း ဖြစ်နေပြီး ပြိုင်ဘက်ဂိုဏ်းများက ပိုင်နက်နယ်မြေနဲ့ သြဇာလွှမ်းမိုးမှုအတွက် တိုက်ခိုက်ကြလေ့ရှိပါတယ်။

(Photo: EPA)

ယမန်နှစ်အတွင်း မူးယစ်ဆေးဝါးဂိုဏ်းတွေက အစုအပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားခဲ့တယ်လို့ သံသယရှိရတဲ့ နေရာတစ်ခုမှာ အနည်းဆုံး လူ ၁၆၆ ဦးရဲ့ ဦးခေါင်းခွံများ အပါအဝင် အကြွင်းအကျန်တွေကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ်အတွင်းကလည်း အသတ်ခံရသူ ၂၅၀ ကို စုပြုံမြှုပ်နှံထားတဲ့ နောက်ထပ် နေရာတစ်ခုကို တွေ့ရှိခဲ့သေးတယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...