မက္ကစီကိုသမ္မတ အန်းဒရက်စ် မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါက သမ္မတလေယာဉ်နဲ့ အခြား အစိုးရပိုင် လေယာဉ်တွေကိုရောင်းချပြီး တရားမဝင်ရွှေ့ပြောင်းမှု ထိန်းချုန်ဟန့်တားရေး ရန်ပုံငွေအဖြစ် အသုံးပြုမယ်လို့ ဗုဒ္ဓဟူးနေ့မှာ (ဇွန် ၁၂ ရက်) ပြောပါတယ်။
အမေရိကန်က သွင်းကုန်အခွန်ကောက်ခံမယ့် အစီအစဉ်ကို ရှောင်လွှဲနိုင်ရန်အတွက် မက္ကစီကိုအနေနဲ့ ဗဟိုအမေရိကမှ တရားမဝင် ရွှေ့ပြောင်းမှုတွေကို ပိုမို ဟန့်တားပေးရန် အမေရိကန်နဲ့ သဘောတူညီခဲ့ကြပါတယ်။ ထိုသဘောတူညီမှု ရရှိခဲ့ပြီးနောက် မက္ကစီကိုသမ္မတက လေယာဉ်တွေရောင်းပြီး တရားမဝင် ရွှေ့ပြောင်းမှုထိန်းချုပ်ဟန့်တားရေး ရန်ပုံငွေဖြည့်တင်းသုံးစွဲမယ်လို့ ပြောခဲ့တာလည်းဖြစ်ပါတယ်။
အသက် ၆၆ နှစ်အရွယ် လက်ဝဲဝါဒီ သမ္မတလိုပက်ဇ်က ၎င်းရဲ့ မဲဆွယ်စည်းရုံးမှုအတွင်း လေယာဉ်ရောင်းပြီး ပိုမိုဆင်းရဲတဲ့ လူမှုအသိုင်းအဝိုင်းကို ကူညီသွားမယ်လို့ မဲဆွယ်စည်းရုံစဉ်ကလည်း ကတိပြုထားခဲ့ပါတယ်။ မက္ကစီကိုသမ္မတ စီးနင်းတဲ့ Boeing 787 Dreamliner လေယာဉ်ဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိကြောင်းလည်း သမ္မတလိုပက်ဇ်က ပြောပါတယ်။
အဆိုပါ လေယာဉ်ကို ယခင်မက္ကစီကိုအစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၁၈ သန်းဖြင့် ဝယ်ယူထားခဲ့ကြောင်း သိရပါတယ်။ သမ္မတလိုပက်ဇ်က ၂၀၁၈ ခုနှစ်အတွင်း မဲဆွယ်စည်းရုံးမှုလုပ်ခဲ့စဉ်ကတည်းက လေယာဉ်ရောင်းမယ့် အစီအစဉ်ကို ကတိပြုထားခဲ့တာလည်း ဖြစ်ပါတယ်။
၎င်း သမ္မတဖြစ်လာပါက သမ္မတလေယာဉ်ကိုရောင်းပြီး ခရီးစဉ်တွေကို ပုံမှန်လေကြောင်းလိုင်းများသုံးပြီး သွားရောက်မယ်လို့ လိုပက်ဇ်က ပြောထားခဲ့ပါတယ်။ လိုပက်ဇ်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ မက္ကစီကိုသမ္မတ တရားဝင်ဖြစ်လာခဲ့ပြီးနောက် မဲဆွယ်စည်းရုံးစဉ် ပေးထားခဲ့တဲ့ ကတိအတိုင်း လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
(ရွှေ့ပြောင်းလာသူများနဲ့ မက္ကစီကိုရဲတပ်ဖွဲ့ဝင်များကို နယ်စပ်မှာတွေ့ရစဉ်) (Photo: Reuters)
မက္ကစီကိုသမ္မတ လေယာဉ်ကို ပြီးခဲ့တဲ့ လအနည်းငယ်ကြာကတည်းက အရောင်းစာရင်းတင်ထားခဲ့ပြီး ဂိုထောင်ထဲမှာ သိမ်းထားခဲ့တာလည်း ဖြစ်ပါတယ်။ မက္ကစီသမ္မတလေယာဉ်အပြင် အစိုးရပိုင် လေယာဉ်အစီးရေ ၆၀ နဲ့ ရဟတ်ယာဉ် အစီး ၇၀ ကိုလည်း ရောင်းချသွားရန် စီစဉ်နေတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ သမ္မတလိုပက်ဇ်က မက္ကစီကိုပြည်သူတွေရဲ့ အခွန်ငွေဖြင့် ဝယ်ယူထားတဲ့ လေယာဉ်ကိုရောင်းချပြီး မက္ကစီကိုနိုင်ငံသားမဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအရေးမှာ သုံးစွဲသွားမှာကို ဝေဖန်မှုတွေလည်းရှိနေပါတယ်။