ကုမ္ပဏီတာဝန်ရှိသူတွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

မြမြဝိညာဉ် ဝင်ပူးခံရတဲ့ အမျိုးသမီးနှစ်ဦးမှာ နောက်ထပ် ဝိညာဉ်ပူးပြီး မဟုတ်မမှန် ပြောဆိုမှုတွေ ထပ်ရှိလာပါက စာချုပ်စည်းကမ်းတွေအရ အရေးယူမှု တွေလုပ်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လတ်တလော လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ မြမြဆိုတဲ့ အမျိုးသမီးရဲ့ဝိညာဉ်ဝင်ပူးပြီး ပြောဆိုတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဧပြီလ ၃၀ ရက်က တောင်ဒဂုံမြို့နယ် ကျောက်စိမ်းစက်ရုံမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့သရဲပူးတာကို အရေးယူတာမဟုတ်ပါဘူး။ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ဝိညာဉ်ပူးပြီး တွေ့တဲ့လူကို ဒီလူက လူသတ်သမားပါဆိုပြီး လိုက်ပြောနေတာမျိုးဆိုရင် ကျွန်တော်တို့က မဟုတ်မမှန်ပြောဆိုမှုတွေကို အရေးယူသင့်ရင်ယူရပါမယ်” လို့ ကျောက်စိမ်းဖိနပ်စက်ရုံ မှ HR မန်နေဂျာကို ဇော်ဇော်အောင်က ပြောခဲ့ပါတယ်။

မြမြဝိညာဉ်ဝင်ပူးပြီး ပြောဆိုခဲ့သည့်ကိစ္စများနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်တွေအရ အမှန်တကယ်မရှိခဲ့ဘူးလို့လည်း ရှင်းလင်းခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းခဲ့ရာ စက်ရုံမှာ အလုပ်သမား ဝန်ထမ်း ၁၃၂၇ ဦးရှိပြီး စက်ရုံ ဝန်ထမ်းတစ်ဦးမှ ပျောက်ဆုံးခဲ့ခြင်း မရှိကြောင်း၊ မြမြဆိုသည့် အမျိုးသမီးလည်း မရှိကြောင်း၊ အဆိုပါကိစ္စကို စဖြစ်ကတည်းက လိုက်လံစုံစမ်းခဲ့ပြီး နယ်မြေကွင်းဆင်း တွေ့ရှိခဲ့ချက်တွေအရလည်း ဒီဖြစ်စဉ်မှာ လုံးဝ ဖြစ်ပျက်ခဲ့ခြင်းမရှိဘူးလို့ ကျောက်စိမ်းဖိနပ်စက်ရုံမှာ HR မန်နေဂျာ ကိုဇော်ဇော်အောင်ကဆိုပါတယ်။

“ ဒါတွေကို သုံးသပ်တဲ့အခါမှာ ယုတ္တိဗေဒနည်းအရ ငြင်းဆိုပါတယ်။ ဒီအဖြစ်အပျက်သည် လုံးဝ ဖြစ်ပျက်ခဲ့ခြင်းမရှိဘူး။ ဖြစ်ပျက်နိုင်စရာလည်း လုံးဝမရှိဘူး။ စာရင်းဇယားတွေ့ရှိချက်တွေ၊ နယ်မြေကွင်းဆင်းချက်တွေ၊ ဗီဒီယိုတွေအရ ပြောဆိုမှုတွေဟာ တစ်ချက်ချင်းလေ့လာပြီးတော့ သုံးသပ်လိုက်တဲ့အတွက် ဒီကိစ္စက ကျွန်တော်တို့ တောင်ဒဂုံမြို့နယ်မှာ လုံးဝ ဖြစ်ပျက်ခဲ့တာ မရှိဘူး” လို့ ၎င်းကပြောပါတယ်။

အဲဒီလို ဝိညာဉ်ပူးခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝင်ပူးခြင်းခံရတဲ့ အမျိုးသမီးနှစ်ဦးကတော့ သူတို့အနေနဲ့ မဟုတ်မမှန် ပြောဆိုခဲ့တာမျိုး မဟုတ်ကြောင်း၊ စိတ်ရောဂါဖြစ်ပွားတယ်ဆိုပါက ဆရာဝန်နဲ့ ပြသစစ်ဆေးနိုင်ကြောင်း ဝင်ပူးခံရတဲ့ အမျိုးသမီး မခင်ဇာခြည်လင်းက ပြောပါတယ်။

“ကျွန်မလုပ်ကြံပြီး ပြောဆိုတာမျိုးမရှိပါဘူး။ ကျွန်မတို့ အလုပ်ထုတ်ခံရမှာဆိုတာသိတယ်။ ကျွန်မတို့ အမှန်တရားကို ပြောပြီးရင် ကျွန်မတို့ ထွက်မယ်။ အမှန်တရားကို ပြောချင်လွန်းလို့လာခဲ့တာပါ” လို့ မခင်ဇာခြည်လင်းက ပြောပါတယ်။

နှစ်ဆန်းတစ်ရက်နေ့က တောင်ဒဂုံမြို့နယ် ၁၀၇ ရပ်ကွက်မှာ အန္တရာယ်ကင်းပရိတ်ရွတ်နေစဉ် အချိန်မှာ အမျိုးသမီးငယ်တစ်ဦးကို ဝိညဉ်ပူးးကပ်ပြီး သူ့အမည်မှာ မြမြဖြစ်ကြောင်း၊ ကျောက်စိမ်းဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်သူဖြစ်ကြောင်း၊ လူသုံးဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ပြီး အလောင်းကို မြှုုပ်ထားခဲ့ကြောင်း ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာပျံ့နှံလာခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ကျောက်စိမ်းစက်ရုံမှာ မြမြဆိုသည့် အမျိုးသမီးကို ရှာဖွေစစ်ဆေးစဉ် စက်ရုံအတွင်းမှ နောက်ထပ် အမျိုးသမီးတစ်ဦးကို ဝင်ပူးခဲ့တဲ့ ဖြစ်စဉ်မှာလည်း ပျံ့နှံလာခဲ့ပါတယ်။ဒါ့အပြင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေခဲ့သည့် မြမြဆိုသည့် အမျိုးသမီး ဟုဆိုကာ ဓာတ်ပုံပါ အမျိုးသမီးမှာလည်း လားရှိုးမြို့က မာလာကင်းစားသောက်ဆိုင်မှာ အလုပ်လုပ်ကိုင်နေသူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က