ဒီကနေ့ ည ၈ နာရီမှာ ထပ်တိုးခဲ့တဲ့ ပိုးတွေလူနာ (၂) ဦးထဲက မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ လူနာအမှတ် ၁၈၃ မှာ ခရီးသွားရာဇဝင်လည်းမရှိ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းလည်းမရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဖော်ပြပါတယ်။
အသက် ၅၇ နှစ်အရွယ်ရှိတဲ့ လူနာအမှတ် ၁၈၃ ဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေခဲ့သူပြီး ရောဂါကူးစက်ခံရတဲ့အကြောင်းရင်းကိုတော့ မေးမြန်းစုံစမ်းနေဆဲဖြစ်တယ်လို့ မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကပြောပါတယ်။ “သူက ရန်ကုန်ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ အဖြစ်ဆေးရုံတက်တာ ကြာပြီပြောတယ်။ ကျွန်တော်တို့လည်း ဘယ်နေ့တက်ခဲ့မှန်းတော့မသိရသေးဘူး။အခုလက်ရှိ သူကူးစက်ရတဲ့အကြောင်းရင်းကို မေးမြန်းနေဆဲပါပဲ” လို့ ဦးရန်ရှင်းကဆိုပါတယ်။
ဒါ့အပြင် ထပ်တိုးခဲ့တဲ့ ပိုးတွေ့လူနာထဲက ကျန်တစ်ဦးမှာတော့ ပုဇွန်တောင်မြို့နယ်က အသက် ၄၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူကတော့ လူနာအမှတ် ၁၈၄ ဖြစ်ပါတယ်။ လူနာအမှတ် ၁၈၄ ဟာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ ညနေပိုင်းက မလေးရှားနိုင်ငံက MAI လေကြောင်းလိုင်းနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာကို လေဆိပ်ကို ရောက်ရှိလာခဲ့ပြီး လေဆိပ်ကနေ သုဝဏ္ဏဘောလုံးအကယ်ဒမီသင်တန်းကျောင်းမှာ အသွားအလာကန့်သတ်စောင့်ကြည့်နေတဲ့သူဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က Duwun ကိုပြောပါတယ်။
“ ပုဇွန်တောင်က ဒီနေ့တွေ့တဲ့လူနာက (၅)ရပ်ကွက်မှာနေတာ ။ ချင်းလူမျိုး ခရစ်ယာန်လို့သိရတယ်။ သူက မလေးရှားကပြန်လာပြီး တစ်ခါတည်းကွာရန်တင်းဝင်သွားတော့ မြို့နယ်ကို ပြန်မရောက်သေးပါဘူး။” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဆိုပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ည ၈ နာရီထုတ်ပြန်ချက်မှာလည်း အတည်ပြုလူနာဟောင်းတွေထဲက နှစ်ကြိမ်ဆက်ပိုးမတွေ့သူ (၂) ဦးထပ်တိုးလာပြီး လူနာအမှတ် ၁၄၆ နဲ့ တပ်မတော်ဆေးရုံကြီးခုတင်တစ်ထောင်က လူနာအမှတ် ၁၅၆ တို့ ဖြစ်ပါတယ်။
လူနာအမှတ် ၁၄၆ ကတော့ Pan Pacific ဟိုတယ်ဝန်ထမ်းဖြစ်သူ လူနာအမှတ် ၁၃၉ ရဲ့ခင်ပွန်းဖြစ်ပြီး လှိုင်မြို့နယ် ပါရမီလမ်းပေါ်က ဆူရှီဆိုင်တစ်ဆိုင်ရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ လူနာအမှတ် ၁၅၆ ကတော့ နေပြည်တော်တိုင်းစစ်ဌာနချုပ်က တပ်မတော်သားတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ မေလ ၁၇ ရက် ည ၈နာရီအထိ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၈၄ ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၉၇ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေတယ်လို့လည်းသိရပါတယ်။