• Featured

    သမ္မတထရမ့်အကြံပေးဟောင်းနဲ့ ဆက်စပ်နေတဲ့ အကောင့်တုများ Facebook ဖြုတ်ချ

သတင်းမှားတွေ ဖြန့်ဝေလို့ ဖြစ်ပါတယ်

Facebook ဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အနီးကပ်အကြံပေးပုဂ္ဂိုလ် ရော်ဂျာစတုန်းနဲ့ ဆက်စပ်မှုရှိတဲ့ အကောင့်နဲ့ စာမျက်နှာပေါင်း ၁၀၀ ကျော် ဖယ်ရှားလိုက်တယ်လို့ ဆိုပါတယ်။

မရိုးဖြောင့်တဲ့ အပြုအမူကို ပူးပေါင်းလုပ်ဆောင်ရာမှာ ပါဝင်တာကြောင့် Facebook အကောင့် ၅၄ ခု ၊ page ပေါင်း ၅၀ နဲ့ Instagram အကောင့် ၄ ခုတို့ကို ဖယ်ရှားလိုက်တာ ဖြစ်တယ်လို့ Facebook ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး The Verge သတင်းမှာ ဖော်ပြထားပါတယ်။ ဒီအကောင့်တွေရဲ့ နောက်ကွယ်မှာ ရှိတဲ့သူတွေဟာ ဖလော်ရီဒါဒေသခံတွေ အယောင်ဆောင်ပြီး သတင်းမှားတွေ တင်နေကြတယ်လို့ ဆိုပါတယ်။

image

Photo: CNBC

"ကျွန်တော်တို့ရဲ့ စုံစမ်းစစ်‌ဆေးမှုအရ ဒီကွန်ရက်ဟာ ရော်ဂျာစတုန်းနဲ့ သူ့အပေါင်းအပါတွေနဲ့ ဆက်စပ်နေပါတယ်" လို့ Facebook ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီကွန်ရက်ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမတိုင်ခင် ပေါက်ကြားခဲ့တဲ့ Wikileaks ကိစ္စနဲ့ ရော်ဂျာစတုန်းကို promote လုပ်ဖို့ မရိုးဖြောင့်တဲ့ သဘောနဲ့ အကောင့်တုများ သုံးပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စတုန်းနဲ့ သူ့ရဲ့ တွဲဖက်တွေ ဖြစ်တဲ့ လက်ယာယိမ်းထောက်ခံသူ ပရောက်ဘွိုင်းစ်အဖွဲ့တို့ဟာ အကောင့်တုနဲ့ Followers တွေ သုံးပြီး စတုန်းရဲံ စာအုပ်နဲ့ ပို့စ်တွေကို လူကြိုက်များအောင် promote လုပ်ခဲ့ကြတယ်လို့ Facebook က ပြောပါတယ်။ Facebook ဟာ စတုန်းရဲ့ Facebook အကောင့် ၊ Instagram စာမျက်နှာနဲ့ follower ၁၄၁၀၀၀ ရှိတဲ့ သူ့ရဲ့ Stone Cold Truth Facebook စာမျက်နှာတွေကိုလည်း ဖြုတ်ချခဲ့ပါတယ်။

ရော်ဂျာစတုန်းနဲ့ ဆက်စပ်မှုရှိတာကြောင့် ဖယ်ရှားခံရတဲ့ အကောင့်နဲ့ pages တွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ‌ကြော်ငြာအနေနဲ့ ဒေါ်လာ ၃ သိန်းကျော် သုံးစွဲခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီကွန်ရက်ကို Facebook နဲ့ Instagram ပေါ်မှာ follow လုပ်ထားတဲ့ အကောင့်ပေါင်း ၃ သိန်း ၂ သောင်းကျော် ရှိထားပါတယ်။ 

Photo: nationalherald

ရော်ဂျာစတုန်းဟာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ လူယုံတစ်ဦးဖြစ်သလို ရီပတ်ဘလစ်ကန်အကြံပေးအဖြစ် ကာလရှည် လုပ်ဆောင်လာသူ ဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ရော်ဂျာစတုန်းဟာ ကွန်ဂရက်ရှေ့မှောက် လိမ်လည်ထွက်ဆိုမှု ၊ ဝတ္တရားနှောင့်ယှက်မှု ၊ သက်သေပျက်ယွင်းအောင် လုပ်ဆောင်မှုတွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ထောင်ဒဏ် ၃ နှစ် ၄ လ ချမှတ်ခံထားရသူဖြစ်ပါတယ်။

The New York Times သတင်းအရ စတုန်းဟာ Facebook ပလက်ဖောင်းများပေါ်မှာ မရိုးဖြောင့်တဲ့ အပြုအမူများ ပူးပေါင်းလုပ်ဆောင်ရာမှာ မပါဝင်ကြောင်း ငြင်းဆန်ထားတယ်လို့လည်း ဆိုပါတယ်။ 

Share

Loading Next Article...
က္က