လီဗာပူးအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပူးပေါင်းပြီး လာမယ့်အပတ် ပရီးမီးယားလိဂ်အစည်းအဝေးမှာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်စောစီးစွာပိတ်သိမ်းတဲ့ကိစ္စကို အဆုံးသတ်ဖို့အတွက် အခြားအသင်းတွေကို မဲဆန္ဒကောက်ခံသွားမယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က အင်္ဂလန်ပရီးမီးယားလိဂ်အသင်းတွေဟာ ရာသီအစပိုင်း ပွဲအနည်းငယ်မှာ အသင်းနဲ့ ကစားသမားတွေရဲ့အနာဂတ်မရေမရာဖြစ်နေမှုကို အဆုံးသတ်ဖို့အတွက် နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို ရာသီမစတင်မီမှာ ပိတ်သိမ်းဖို့အတွက် မဲပေးခဲ့ကြတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကျန်တဲ့ဥရောပလိဂ်တွေက ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါခဲ့ခြင်းမရှိဘဲ အရင်စနစ်ဟောင်းအတိုင်းသာ ဆက်လက်ချီတက်နေခဲ့တာဖြစ်ပါတယ်။ The Times ရဲ့သတင်းအရ ပရီးမီးယားလိဂ်အသင်းတွေဟာ စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်မယ့် ပရီးမီးယားလိဂ်ဥက္ကဌရဲ့အစည်းအဝေးမှာ အပြောင်းအရွှေ့ဈေးကွက်ကို ဘယ်အချိန်မှာ ပိတ်သင့်တယ်ဆိုတာကို နောက်ထပ်တစ်ကြိမ် မဲပေးသွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်က အပြောင်းအလဲတွေ ဖြစ်ချင်တာကြောင့် မဲပေးခဲ့ကြပေမယ့်လည်း လီဗာပူးအသင်းရဲ့ ရပ်တည်မှုဟာ လက်ရှိအချိန်မှာ ပြောင်းလဲခဲ့ပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်း၊ မန်ချက်စတာစီးတီးအသင်းတို့နဲ့ ပူးပေါင်းသွားမယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ လီဗာပူးအသင်းတို့ဟာ အရင်အချိန်ဇယားတုန်းကလို ပရီးမီးယားလိဂ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို အခြားဥရောပလိဂ်တွေ ဈေးကွက်ပိတ်သိမ်းတဲ့အချိန်အတိုင်း ပြန်လည်သတ်မှတ်ဖို့ တွန်းအားပေးသွားကြမှာဖြစ်ပါတယ်။
ယခုနွေရာသီ အင်္ဂလန်အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းပြီးနောက် ၃ ပတ်အထိ အခြားလိဂ်က အသင်းတွေအနေနဲ့ ကစားသမားတွေကို ခေါ်ယူခွင့်ရှိနေသေးတာကြောင့် ပရီးမီးယားလိဂ်အသင်းအများစုက အကျောခံနေရတယ်လို့ ခံစားခဲ့ကြတာဖြစ်ပါတယ်။