အာဆင်နယ်ဂန္တဝင်နည်းပြ အာစင်ဝင်းဂါးဟာ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြဖို့အတွက် စိတ်ဝင်စားကြောင်း အချက်ပြခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ နည်းပြလုပ်ဖို့က နည်းပြတိုင်းအတွက် အိပ်မက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြအိုလီဂန်းနားဆိုးလ်ရှားလက်ထက်မှာ ခက်ခဲတဲ့ရာသီအစကို ကျော်ဖြတ်နေရတာဖြစ်ပြီး ပရီးမီးယားလိဂ်ရာသီအစ ၆ ပွဲကစားထားရာမှာ ၈ မှတ်သာ ရရှိထားတာဖြစ်ပါတယ်။
နည်းပြဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ နည်းပြမော်ရင်ဟိုရဲ့ နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရချိန်ကတည်းက အသင်းရဲ့ကံကြမ္မာကို အလှည့်အပြောင်းဖြစ်အောင် လုပ်ဖို့အတွက် ရုန်းကန်နေရသူဖြစ်ပါတယ်။
ယခုနွေရာသီမှာ ဟယ်ရီမက်ဂွိုင်းယား၊ ဒန်နီရယ်ဂျိမ်းစ်၊ ဝမ်ဘစ်စ်ကာတို့ကို ခေါ်ယူထားခဲ့ပေမယ့်လည်း အလုပ်ဖြစ်နိုင်လောက်တဲ့အခြေအနေကို ရောက်မလာသေးတာဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ဟာရဲရား၊ လူကာကူ၊ အလက်ဆစ်ဆန်းချက်ဇ်တို့ရဲ့နေရာမှာ အစားထိုးခေါ်ယူထားတဲ့ကစားသမားမရှိဘဲ ထွက်ခွာခွင့်ပြုခဲ့တဲ့အတွက် ဝေဖန်ပြစ်တင်ခံခဲ့ရသူဖြစ်ပြီး ကွင်းလယ်မှာ ဖန်တီးနိုင်စွမ်းရှိလာဖို့ ဆက်လက်ရုန်းကန်နေရသလို တိုက်စစ်ကလည်း အားပျော့နေခဲ့တာဖြစ်ပါတယ်။
အာစင်ဝင်းဂါးဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ အဓိကရေပန်းစားခဲ့သူဖြစ်ခဲ့ပေမယ့် နည်းပြရာထူးအတွက် ယင်းအချိန်က ယူနိုက်တက်အသင်းဥက္ကဌ မာတင်အက်ဒွပ်၊ ဒုတိယအလုပ်အမှုဆောင်ချုပ် ပီတာကင်ညွန်တို့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
beIN Sports မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် စကားပြောဆိုချိန်အတွင်း အာစင်ဝင်းဂါးက မန်ချက်စတာယူနိုက်တက်ရဲ့နည်းပြရာထူးကို စိတ်ဝင်စားကြောင်း အရိပ်အမြွက်ပြောကြားခဲ့တာဖြစ်ပါတယ်။
“မန်ချက်စတာယူနိုက်တက်နည်းပြအလုပ်က နည်းပြတိုင်း အိပ်မက်မက်ရတဲ့အလုပ်တစ်ခုပါ။ အနည်းဆုံးတော့ ရဲစွမ်းသတ္တိနဲ့ ယုံကြည်ချက်ရှိတဲ့ နည်းပြတိုင်းအတွက်ပေါ့။ ဟုတ်ပါတယ်။ သူတို့လိုအပ်နေတယ်။ ကျွန်တော့်အမြင်အရ ပထမအသင်း ကစားသမား ၄ ယောက်လောက်လိုပါတယ်။ ဒါပေမယ့် အခုရှိနေတဲ့ကစားသမားတွေထဲမှာ စိန်ခေါ်နိုင်စွမ်းရှိတဲ့ လူစာရင်းကို ကျွန်တော် မြင်ပါတယ်။ လူတွေထင်သလောက် သူတို့တွေ အလှမ်းကွာနေတာမဟုတ်ပါဘူး”
မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရမယ်ဆိုရင် နည်းပြအဖြစ် ကိုင်တွယ်သွားမှာလားလို့ မေးမြန်းခဲ့တဲ့အခါမှာ အခုလို ပြန်လည်ပြောကြားသွားခဲ့ပါတယ်။
“ကျွန်တော် ပြောခဲ့သလိုပဲ မန်ချက်စတာယူနိုက်တက်နည်းပြအလုပ်က လူတိုင်းအိပ်မက်မက်ကြမယ့်အလုပ်တစ်ခုပါ။ နည်းပြတိုင်းအတွက်ပေါ့။ ကျွန်တော့်မှာ ယုံကြည်ချက်ရှိတယ်။ ရဲစွမ်းသတ္တိလည်းရှိတယ်။ ပြီးတော့ ခင်ဗျား ပြောတာမှန်တယ်။ ကျွန်တော့်မှာ စိတ်ကူးတွေရှိတယ်”လို့ ပြောကြားခဲ့ပါတယ်။