MSC 2019 ဟာ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပခဲ့တဲ့ Mobile Legends: Bang Bang ဂိမ်းပြိုင်ပွဲဖြစ်ပြီး အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ဆုချီးမြင့်ခဲ့ပါတယ်။
အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး Mobile Legends: Bang Bang ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ MSC 2019 ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ MSC 2019 ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး ဆုကြေးငွေပေါင်း US$120000 (မြန်မာငွေကျပ်သိန်း ၁၈၀၀ ခန့်) ကိုချီးမြှင့်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ အရှေ့တောင်အာရှနိုင်ငံ ၉ နိုင်ငံကို ကိုယ်စားပြုတဲ့ အသင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အသင်းနှစ်သင်းလည်း ပါဝင်ခဲ့ပါတယ်။
MSC 2019 ပြိုင်ပွဲမှာ အင်ဒိုနီးရှားကိုယ်စားပြုအသင်း Onic Esports က ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့ပြီး Onic Esports ရဲ့ကစားသမားတစ်ဦးဖြစ်တဲ့ SASA ကလည်း ပြိုင်ပွဲတစ်လျှောက်လုံး အကောင်းဆုံးကစားဆုကို ရရှိခဲ့ပါတယ်။ Onic Esports ဟာ သူတို့နည်းတူ အင်ဒိုနီးရှားကိုယ်စားပြုအသင်းဖြစ်တဲ့ Louvre Esports နဲ့ ဗိုလ်လုပွဲမှာ Best Of 5 ယှဉ်ပြိုင်ကစားခဲ့ရပြီး 3-0 ဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်း ၂ သင်း ယှဉ်ပြိုင်ကစားခဲ့ရတာကို ကြည့်ခြင်းအားဖြင့် အသင်းကောင်းတွေမွေးထုတ်နိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ လာမယ့်ဆီးဂိမ်းမှာလည်း ရွှေတံဆိပ်မျှော်မှန်းနိုင်ဖို့ အလားအလာတော်တော်ကောင်းနေတာကို မြင်ရမှာပါ။
ဒီပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအသင်းနှစ်သင်းဖြစ်တဲ့ Burmese Ghouls နဲ့ Team Resolution တို့ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ အုပ်စုအဆင့်အလွန် Play-in အဆင့်မှာတင် တပ်ပြန်ဆုတ်ခဲ့ရပါတယ်။
Play-in ပွဲစဉ်ဆိုတာက နောက်တစ်ဆင့်ဖြစ်တဲ့ Play-Off အဆင့်ကို တက်ရောက်ခွင့်ရရှိမယ့်အသင်းကို အဆုံးအဖြတ်ပေးတဲ့ အဆင့်ပါပဲ။ ဒီအဆင့်မှာ အုပ်စုဇယားရဲ့ ဒုတိယနဲ့ တတိယ ရရှိခဲ့တဲ့အသင်းတွေအချင်းချင်း ယှဉ်ပြိုင်ကစားရတာပဲဖြစ်ပါတယ်။ အုပ်စုဗိုလ်တွေကတော့ Upper Bracket ကိုတိုက်ရိုက်တက်ရောက်ခွင့်ရရှိထားပါတယ်။
ဒီ Play-in အဆင့်မှာ မြန်မာအသင်းတစ်သင်းဖြစ်တဲ့ Burmese Ghouls က စင်ကာပူကိုယ်စားပြု Evos Esports အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရကာ 0-2 ရလဒ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။ နောက်မြန်မာအသင်းတစ်သင်းပဲဖြစ်ပြန်တဲ့ Team Resolution ကလည်း ဖိလစ်ပိုင်ကိုယ်စားပြု Bren Esports အသင်းနဲ့ယှဉ်ပြိုင်ဆော့ကစားခဲ့ရပြီး 0-2 ရလဒ်နဲ့ပဲ ရှုံးနိမ့်သွားခဲ့ပါတယ်။
အရှေ့တောင်အာရှ Mobile Legends: Bang Bang ဖလားပွဲ MSC 2019 ကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ သိပ်မကြာခင်မှာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် SEA Game ပြိုင်ပွဲမှာ Esports ကဏ္ဍလည်း ပထမဦးဆုံးအနေနဲ့ ပါဝင်မှာဖြစ်ပြီး ယှဉ်ပြိုင်ရမယ့်ဂိမ်းတွေထဲမှာ Mobile Legends: Bang Bang အပြင် သူနဲ့ ကစားပုံတူညီတဲ့ Arena of Valor လည်းပါဝင်နေပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ Esports ကနေ ရွှေတံဆိပ်တွေရယူနိုင်ဖို့အတွက် နိုင်ငံအချို့ဟာ ဒေသတွင်းနိုင်ငံကိုယ်စားပြုအသင်းတွေနဲ့ လက်စမ်းနိုင်မယ့် ပြိုင်ပွဲတွေ ခပ်စိတ်စိတ်ကျင်းပလာကြတာပဲ ဖြစ်ပါတယ်။
Written by Myo Thant Kyaw