Xiaomi Redmi series ကနေ လာမယ့်နှစ်မှာ ဈေးသက်သာတဲ့ 5G ဖုန်းတွေ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။
ရှန်ဟိုင်းမှာ ကျင်းပနေတဲ့ MWC Shanghai ပွဲကို တက်ရောက်ခဲ့တဲ့ Redmi ရဲ့ CEO လုဝေဘင်းဟာ သူ့ရဲ့ Weibo မှာ လာမယ့်နှစ်အကုန်မှာ ယွမ် ၂၀၀၀ ( မြန်မာငွေ ၄ သိန်းခွဲခန့်) ထက် ဈေးပိုနည်းတဲ့ 5G ဖုန်းတွေ ထွက်လာတော့မယ်လို့ရေးခဲ့ပါတယ်။ Redmi နဲ့အတူ Xiaomi ရဲ့ sub-brand တစ်ခုဖြစ်တဲ့ BlackShark ဟာလည်း ကိုယ်ပိုင် 5G ဖုန်းတွေ ထုတ်နေတယ်လို့ဆိုပါတယ်။

Photo: gizchina
BlackShark ရဲ့ ဒုဥက္ကဌ ဒေးဗစ်လီမှ BlackShark သုတေသနနဲ့ဖွံ့ဖြိုးရေးဌာနဟာ မျိုးဆက်သစ် ကွန်ရက်နည်းပညာသုံး စမတ်ဖုန်းတွေအတွက် ပြင်ဆင်နေတယ်လို့ပြောထားပါတယ်။ BlackShark 5G ဖုန်းကို အနာဂါတ်မှာ ဖြန့်ချိသွားမှာ ဖြစ်ပေမယ့် ဖြန့်ချိမယ့်ရက်တော့ မပြောရသေးပါဘူး။ Gaming စမတ်ဖုန်းဖြစ်တဲ့ BlackShark စီးရီးထက် စာရင် Redmi ကနေ 5G ဖုန်းကို အရင် မိတ်ဆက်ဖို့များပါတယ်။
Xiaomi ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းဖြစ်တဲ့ Xiaomi Mi Mix 3 5G ဟာ ရိုးရိုး Mi Mix 3 ကို အဆင့်မြှင့်ထားတာ ဖြစ်ပြီး Snapdragon 855 SoC နဲ့ထွက်လာတာ ဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon X50 modem သုံးထားပြီး 5G ရတဲ့ slider ဖုန်းလည်း ဖြစ်ပါတယ်။ ဒီဖုန်းကိုတော့ ဆွစ်ဇာလန်နိုင်ငံ Sunrise တယ်လီကွန်းကနေ ဆွစ်ဖရန့်ငွေ ၈၄၇ ဖရန့် ( မြန်မာငွေ ၁၂ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။
Photo: smartprix
Mi Mix 3 5G ဟာ ဥရောပနဲ့တရုတ်ဈေးကွက်မှာ မကြာခင် မိတ်ဆက်သွားမယ့် ဖုန်းလည်း ဖြစ်ပြီး 5G ဖုန်းဖြစ်တဲ့အတိုင်း ဈေးကွက်ရွေးပြီး ဖြန့်ချိသွားမှာပါ။ လက်ရှိမှာ စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့5G ဖုန်းတွေ အပြိုင်အဆိုင် ထုတ်နေပေမယ့် နိုင်ငံတော်တော်များများမှာ 5G ကွန်ရက်ဟာ အဆင်သင့် မဖြစ်သေးပါဘူး။