ယှဉ်ပြိုင်နိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့လုပ်ငန်းရှင်တွေဖြစ်လာဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်
မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်ကနေ စွန့်ဦးတီထွင်အသင်း ၃ သင်းကို ရင်းနှီးမြှုပ်နှံဖို့ မတ်လ ၁ ရက်နေ့မှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

(သဘောတူစာချူပ်ချူပ်ဆိုနေစဉ်)

မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ မှာ အနိုင်ရရှိတဲ့ အသင်း ၃ သင်းကို ရင်းနှီးမြှုပ်နှံငွေ တစ်သင်းလျှင် ကျပ်သိန်း ၈၀ ကို ကနဦးရင်းနှီးမြှုပ်နှံငွေအဖြစ် ပေးအပ်ခဲ့တဲ့အပြင် Myanmar Computer Federation က နည်းပညာနဲ့ စီးပွားရေးဆိုင်ရာဌာနတစ်ခုဖြစ်တဲ့ Kanaung Hub မှာ ၆ လ အခမဲ့ ရုံးခန်းဖွင့်လှစ်အသုံးပြုခွင့်ကိုပါ ရရှိမယ်လို့ သိရပါတယ်။



“ တစ်ဖွဲ့ကို သိန်းရှစ်ဆယ်ချီးမြှင့်ထားတယ်။ကုမ္ပဏီမှတ်ပုံတင်တာကိုလည်း ဒီရက်ပိုင်းမှာလုပ်ပြီးသွားပြီ။သူတို့က တရားဝင်ဖြစ်သွားပြီ။ သူတို့ရဲ့အိုင်ဒီယာကို ဆက်မွေးဖွားဖို့အတွက် Kanaung Hub မှာ နေရာခြောက်လစာပေးမယ်။ သူတိ့ုကိုလိုအပ်တဲ့နည်းပညာအထောက်အပံ့တွေလည်း ပေးသွားမှာဖြစ်ပါတယ်။” လို့ Myanmar Computer Federation က အထွေထွေအတွင်းရေးမှုးဖြစ်သူ ဦးသောင်းစုငြိမ်းက ပြောပါတယ်။

အနိုင်ရရှိတဲ့ အသင်းတွေအနေနဲ့ ဈေးကွက်အတွင်းမှာ ယှဉ်ပြိုင်နိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့ လုပ်ငန်းရှင်တွေဖြစ်လာဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ အနိုင်ရရှိတဲ့ အသင်းတွေအနက် Team Idea Capsule က Lottery Palace အမည်ရှိ အောင်ဘာလေထီကို အွန်လိုင်းကနေ အသုံးပြုရောင်းချတဲ့စနစ်ကို လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းက ဆုရရှိခဲ့ပါတယ်။

Waste Managing Machine Project ကလည်း အမှိုက်စီမံခန့်ခွဲမှုစက်ကို တင်သွင်းခဲ့တာဖြစ်ပြီး အမှိုက်ပစ်သူတွေအနေနဲ့ တယ်လီဖုန်းငွေဖြည့်ကဒ်များကို ဆုကြေးအဖြစ် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

သုံးခုမြောက်အနေနဲ့ Ethnic Learning Language App ကတိုင်းရင်းသားဘာသာစကားသင်ကြားတဲ့ စနစ်ဖြစ်ပြီး ကရင်ဘာသာစကားနဲ့ စတင်ထားတယ်လို့ ဆိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်လာစေဖို့ရည်ရွယ်တဲ့ မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံဖြိုးရေး အစီအစဉ် ၂၀၁၉ ကနေ လုပ်ငန်းသုံးခုကို ရွေးချယ်ပြီး သဘောတူစာချူပ်ချူပ်ဆိုခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က