ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အသက်(၈၇)နှစ်အရွယ် လူနာအမှတ်(၁၄၃)ဟာ ဆေးစစ်ချက် Negative နှစ်ကြိမ်ပြပြီး ရောဂါပိုးကင်းစင်သူအဖြစ် သတ်မှတ်ခံခဲ့ရကာ ဆေးရုံကဆင်းခွင့်ရခဲ့ပြီဖြစ်ပါတယ်။
ဧပြီလ ၂၄ရက်က COVID-19 ပိုးတွေ့ အတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် မူဆယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတာ ဖြစ်ပါတယ်။ လူနာအမှတ်(၁၄၃)ဟာ မြန်မာနိုင်ငံရဲ့အသက်အကြီးဆုံး COVID-19 ပိုးတွေ့လူနာဖြစ်ပြီး ဆေးစစ်မှု (၃) ကြိမ်ပြုလုပ်ခဲ့ရာမှာ (၂) ကြိမ်ဆက် Negative ပြခဲ့ပြီး ဒီနေ့ညပိုင်းမှာ ရောဂါပိုးပျောက်ကင်းသူအဖြစ် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
လူနာအမှတ်(၁၄၃)ဟာ မတ်လ(၁၆)ရက်မှာ ဒူဘိုင်းကနေ ရန်ကုန်ကိုပြန်လာခဲ့ပြီး မတ်လ(၂၀)ရက်မှာ ရန်ကုန်ကနေ လားရှိုးကို လေယာဉ်နဲ့ပြန်လာကာ မူဆယ်ကို လိုင်းကားနဲ့ ပြန်လည်ရောက်ရှိလာတာပါ။ မူဆယ်ဆေးရုံမှာ ၁၆ ရက်ကြာ ကုသမှုခံယူပြီးနောက် ရောဂါသက်သာပျောက်ကင်းသူအဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီနေ့ည(၈)နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ပိုးတွေ့လူနာတစ်ဦး ထပ်တိုးခဲ့ပြီး အသက်(၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကာ မရမ်းကုန်းမြို့နယ်က ဖြစ်ပါတယ်။ လူနာတစ်ဦး ထပ်တိုးခဲ့တာကြောင့် ဧပြီလ ၉ ရက်နေ့ည ၈နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့လူနာ ၁၇၈ဦးရှိလာခဲ့ပြီဖြစ်ပြီး ပြန်လည်သက်သာပျောက်ကင်းလာသူ ၆၈ ဦး ရှိလာပြီလို့ သိရပါတယ်။