မေလ ၇ ရက်နေ့ညနေ ပိုင်းက မြန်မာပလာဇာမှာဖြစ်ပွားခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုပတ်သက်ပြီး အဲ့ဒီလိုအလားတူ ထပ်ဖြစ်လာမယ်ဆိုရင် ပြင်းပြင်ထန်ထန်အရေးယူမယ်လို့ မြန်မာပလာဇာ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။
Photo- မေမီခင်ဇော်
၂၀၁၉ ခုနှစ် မေလ ၇ရက်နေ့ ညနေ ၄နာရီခွဲအချိန်က မြန်မာပလာဇာ စတုတ္ထထပ်မှာ လူငယ်မိန်းကလေးအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး Myanmar Plaza ရုံးစီမံခန့်ခွဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
"အဲ့ဒီနေ့က လုံခြုံရေးကလည်း အကူးအပြောင်းကာလမှာ သူတို့ကလည်း ရုတ်တရက်ထပြီး ဖြစ်ကြတာ။ အဲ့နေ့ညနေမှာပဲ သက်ဆိုင်ရာ နယ်မြေရဲစခန်းတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး နောက်နောင်အဲ့လို အများပြည်သူနေရာမှာ ဖြစ်ပွားရင် ပြင်းပြင်းထန်ထန်အရေးယူဖို့ ဆောင်ရွက်သွားမှာပါ။"လို့ မြန်မာပလာဇာရဲ့တာဝန်ရှိသူ မဇင်မာသက်မွန်က Duwun ကိုပြောပါတယ်။
အမျိုးသမီးတစ်စုခိုက်ရန်ဖြစ်ပွားနေတဲ့ ဗွီဒီယို ဖိုင်တစ်ခုအင်တာနက်လူမှုကွန်ရက်တွေမှာ ပြန့်နှံ့လာခဲ့ပြီး အဲ့ဒီလိုဖြစ်ရပ်ကို လူမှုကွန်ရက်အသုံးပြုသူတွေက ရှုပ်ချခဲ့ကြပါတယ်။ အဲ့ဒီလို ခိုက်ရန်ဖြစ်ပွားခဲ့ရင် မြန်မာပလာဇာကိုလာရောက်လည်ပတ်သူတွေနဲ့ အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ မြန်မာပလာဇာတာဝန်ရှိသူကပြောပါတယ်။
ဒါ့အပြင် အခုဆိုရင် မြန်မာပလာဇာရဲ့လုံခြုံရေးကို ထပ်မံတိုးမြှင့်ထားပြီး အလာတူဖြစ်ရပ်မျိုးထပ်မံ မပေါက်ပေါက်စေဖို့ ဆောင်ရွက်ထားတယ်လို့လည်းသိရပါတယ်။