တရုတ်ဈေးကွက်ထဲ ပြီးခဲ့တဲ့လက မိတ်ဆက်သွားတဲ့ Xiaomi Mi Band 5 ယူကေနဲ့ ဗြိတိန်တို့မှာ ရောင်းချတော့မှာပါ။
Xiaomi ဟာ Mi Band 5 ကို နိုင်ငံတကာဈေးကွက်မှာ Mi Smart Band 5 နာမည်နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး နိုင်ငံတကာဗားရှင်းမှာ တစ်ချို့ features တွေ ဖြုတ်ခဲ့တာ ရှိပါတယ်။ Global Version မှာ NFC နဲ့ XiaoAI assistance စနစ်လည်း မပါတော့သလို သွေးတွင်းအောက်ဆီဂျင် အခြေအနေကို သိနိုင်မယ့် SpO2 feature တွေလည်း ဖယ်ရှားထားပါတယ်။

Photo: androidauthority
Mi Smart Band 5 ဟာ ၁.၁ လက်မ AMOLED display နဲ့ လာပြီး ၁၄ ရက် သက်တမ်းခံတဲ့ ဘက်ထရီပါဝါ နဲ့ လေ့ကျင့်ခန်းပေါင်း ၁၁ ခုကို ခြေရာခံနိုင်မယ့် စနစ် ပါလာပါတယ်။ အမျိုးသမီးကျန်းမာရေး ခြေရာခံစနစ် ၊ နှလုံးခုန်နှုန်း စောင့်ကြည့်မှု နဲ့ မီတာ ၅၀ အထိ ရေစိမ်ခံနိုင်မယ့် နည်းပညာတွေ ပါဝင်လာပါတယ်။
အိပ်စက်မှုနဲ့ စိတ်ဖိစီးမှုအခြေအနေပါ တိုင်းတာနိုင်ပြီး အားသွင်းရာမှာ သံလိုက်အားသွင်းစနစ်လည်း သုံးထားပါတယ်။ တရုတ်ဗားရှင်းမှာ display themes ပေါင်း ၁၀၀ ကျော် ပါခဲ့ပြီး နိုင်ငံတကာဗားရှင်းမှာ dynamic display ၆၅ ခု ထည့်ပေးထားပါတယ်။ Mi Smart Band 5 ဟာ လက်ပတ်ကြိုး strap အရောင်အနေနဲ့ အနက် ၊ အဝါ ၊ နက်ပြာ ၊ လိမ္မော် ၊ စိမ်းပြာနဲ့ ဖက်ဖူးစိမ်းကာလာ ၅ မျိုးနဲ့ ထုတ်ထားပါတယ်။
Xiaomi ဟာ Mi Smart Band 5 နဲ့အတူ နာရီ ၂၀ အထိ ဆက်တိုက်သုံးနိုင်မယ့် Mi True Wireless Earphones 2 Basic နားကြပ်ကိုလည်း ကြေညာသွားပါတယ်။ နှစ်မျိုးစလုံးဟာ တစ်ခုကို ယူရို ၄၀ (မြန်မာငွေ ၆ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။