ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၂၄)ကတော့ ထင်မှတ်မထားတဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ လီဗာပူးလ်က အမှတ်ပေးဇယားကို (၅)မှတ်ဖြတ်ဦးဆောင်လိုက်ပြီး နယူးကာဆယ်ကို မန်စီးတီးက အရေးနိမ့်ခဲ့ချိန်မှာ အခွင့်အရေးကို အပြည့်အ၀ အရမယူနိုင်ခဲ့ပါဘူး။ ချယ်လ်ဆီးကလည်း ဘုန်းမောက်ကို လေးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး မန်ယူနိုက်တက်ကလည်း ဘန်လေကို သရေသာကစားနိုင်ခဲ့တာပါ။ ဒီတစ်ပတ်ပွဲစဉ် (၂၅)ကိုတော့ မိုက်ကယ်အိုဝင်က အခုလိုပဲ ခန့်မှန်းပေးထားပါတယ်။
တော့တင်ဟမ် နဲ့ နယူးကာဆယ်
စပါးက ဝက်ဖို့ဒ်နဲ့ပွဲမှာ နောက်ဆုံးမိနစ်သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအတွက် မန်စီးတီးနဲ့ နှစ်မှတ်ပဲ ကွာဟသွားခဲ့ပြီး လီဗာပူးလ်နဲ့ (၇)မှတ်ကွာ အနေအထားကို ရောက်လာပါတယ်။ နယူးကာဆယ်ကတော့ အိမ်ကွင်းမှာ မန်စီးတီးကို အံ့အားသင့်ဖွယ်အနိုင်ယူသွားခဲ့ပါတယ်။ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချသွားပြီး အင်အားကြီးအသင်းကို အနိုင်ယူနိုင်ခဲ့တာပါ။
ဒါပေမယ့် နယူးကာဆယ်ကတော့ ဝင်ဘလေမှာ ကစားခဲ့တဲ့ နောက်ဆုံး (၇)ပွဲမှာ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီအတွက် ဒီပွဲမှာလည်း အိမ်ရှင်စပါးက သူတို့ရဲ့နိုင်ပွဲဆက်မှုတွေကို ထိန်းသိမ်းနိုင်မယ်လို့ ခန့်မှန်းမိပါတယ်။ တော့တင်ဟမ် ၂-၀ နယူးကာဆယ် ပါ။
လက်စတာ နဲ့ မန်ချက်စတာယူနိုက်တက်
ပြီးခဲ့တဲ့ပွဲမှာ နှစ်သင်းစလုံးက အမှတ်လျော့ခဲ့တာပါ။ ဒါပေမယ့် လက်စတာက လီဗာပူးလ်ကို အထင်ကြီးဖွယ်ခြေစွမ်းနဲ့ ကစားနိုင်ခဲ့ပြီး အဖိုးတန်သရေတစ်မှတ်ကို ရယူသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ နောက်ဆုံးအိမ်ကွင်းပွဲတွေမှာ ရလဒ်တွေဆိုးခဲ့ပြီး ယူနိုက်တက်ရဲ့ ခြေစွမ်းကို စောင့်ကြည့်သွားပါမယ်။ ယူနိုက်တက်က နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံအဝေးကွင်း (၅)ပွဲကို နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာလည်း သူတို့က ဖျော်ဖြေမှုပေးနိုင်တဲ့ ကစားဟန်နဲ့ ကစားနိုင်မယ်လို့ ထင်သလို အနိုင်ရသွားဖွယ်လည်းရှိနေပါတယ်။ လက်စတာ ၁-၂ ယူနိုက်တက်လို့ ခန့်မှှန်းမိပါတယ်။
မန်စီးတီး နဲ့ အာဆင်နယ်
မန်စီးတီးက နယူးကာဆယ်နဲ့ပွဲမှာ ဂိုးအစောကြီးသွင်းထားနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတာက အံ့သြစရာပါ။ စိန့်ဂျိမ်းပတ်ခ်မှာ သူတို့အနေနဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို မပြသနိုင်ခဲ့တာကလည်း အဝေးကွင်းမှာ ရမှတ်မရတဲ့ အကြောင်းရင်းဖြစ်ခဲ့ပါတယ်။
ဒီရာသီမှာ မန်စီးတီးက ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ရှုံးပွဲကြုံတွေ့ခဲ့တာ (၃)ပွဲ ရှိသွားပါပြီ။ အာဆင်နယ် နဲ့ မန်စီးတီးတို့ ရာသီအဖွင့်ပွဲမှာ ကစားခဲ့တုန်းက အာဆင်နယ် ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ သူတို့နှစ်သင်းကြားမှာ ကွဲပြားမှုတွေရှိနေခဲ့တာ ပိုပြီးထင်ရှားခဲ့ပါတယ်။ မန်စီးတီးအိမ်ကွင်းမှာလည်း သူတို့တွေ ယှဉ်ကစားနိုင်ဖို့ မလွယ်ကူပဲ ရှုံးပွဲကြုံထားလို့ နိုင်ပွဲပြန်ရဖို့ ပေါက်ကွဲပြမယ့် မန်စိးတီးပဲ အနိုင်ရသွားပါလိမ့်မယ်။ မန်စီးတီး ၄-၁ အာဆင်နယ်ပါ။
ဝက်စ်ဟမ်း နဲ့ လီဗာပူးလ်
လီဗာပူးလ်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၄)ကြိမ်လုံးကို ရှုံးနိမ့်ထားခဲ့ပါတယ်။ အဲဒီရှုံးပွဲတွေမှာ တစ်ပွဲကို (၄)ဂိုးပေးခဲ့ရတာပါ။ ဒါပေမယ့် သူတို့ရဲ့ အိမ်ကါင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးပွဲတချို့ကို ဝက်စ်ဟမ်းက အနိုင်ရခဲ့ပါတယ်။ ဝင်ဘယ်ဒန်၊ ဝုလ်ဗ်နဲ့ ပွဲတွေမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိတဲ့ ဝက်စ်ဟမ်းအနေနဲ့ လီဗာပူးလ်နဲ့ပွဲမှာတော့ ဒီခြေစွမ်းမျိုးကို ပြသတော့မယ် မထင်ပါဘူး။
မန်စီးတီးခြေချော်ချိန်မှာ အခွင့်အရေးကို အပြည့်အဝမယူနိုင်ခဲ့တာက လီဗာပူးလ်အတွက် စိတ်ပျက်စရာပါ။ ဒါပေမယ့် လက်ကျန် (၁၄)ပွဲ အလိုမှာ (၅)မှတ်ဖြတ်ထားနိုင်ပြီး အမှတ်ပေးဖလားက သူတို့လက်ထဲမှာ ရှိနေဆဲပါ။ ဒီပွဲမှာတော့ ယာဂင်ကလော့ပ်ရဲ့ အသင်းက အနိုင်ရသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဝက်စ်ဟမ်း ၁-၂ လီဗာပူးလ် ပါ။
ချယ်လ်ဆီး နဲ့ ဟတ်ဒါဖီးလ်
၁၉၉၆ ခုနှစ်မှာ လီဗာပူးလ်ကို (၄)ဂိုးပြတ်ရှုံးပြီးနောက် ဘုန်းမောက်ကို ဂိုးပြတ်ရှုံးတာက ချယ်လ်ဆီးအတွက် ကြီးမားတဲ့ ရှုံးပွဲပါပဲ။ ဒီအတွက် ချယ်လ်ဆီးအနေနဲ့ ဟတ်ဒါဖီးလ်နဲ့ ပွဲမှာ ဒီရှုံးပွဲကနေ ပြန်ရုန်းထွက်နိုုင်ဖို့ အနိုင်ကစားသွားမယ်လို့ မျှော်လင့်မိပါတယ်။
ဟတ်ဒါဖီးလ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲမှာ သွင်းဂိုးတစ်ဂိုးမျ မရခဲ့ပါဘူး။ အဲဗာတန်နဲ့ပွဲမှာလည်း တစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် ဂိုးရဖို့ ရုန်းကန်ခဲ့ရတာပါ။ ချယ်လ်ဆီးအတွက် နိုင်ပွဲပြန်ရယူဖို့ အကောင်းဆုံးအခြေအနေပါပဲ၊ ချယ်လ်ဆီး ၂-၀ ဟတ်ဒါဖီးလ် ပါပဲ။