နှစ်ဖက်အသင်းကြားတန်ဖိုးက အများအပြားကွာဟနေပါတယ်။

ပေါင် ၆သန်းခွဲခန့်သာ တန်ကြေးရှိတဲ့ ကစားသမားတွေက ပေါင်သန်း ၄၀၀ကျော်တန်ဖိုးရှိတဲ့ ကစားသမားတွေကို အနိုင်ယူခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် ရှုံးချက်နာခဲ့ရတဲ့ ပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။


စနေနေ့က ကစားခဲ့တဲ့ နော်ဝှစ်ချ် နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ နော်ဝှစ်ချ်က ၃-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲမှာ နှစ်ဖက်အသင်းအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားတွေရဲ့ တန်ဖိုးဟာ အဆပေါင်းများစွာကွာဟနေခဲ့ပြီး နော်ဝှစ်ချ်အသင်းဟာ ပွဲထွက်လူစာရင်းအတွက် ပေါင် ၆သန်းခွဲခန့်သာ ကုန်ကျခဲ့တယ်လို့ Give Me Sports ရဲ့ ဖော်ပြမှုအရ သိရှိခဲ့ရပါတယ်။

ဘယ်သူကမှ မျှော်လင့်မထားတဲ့ ရလဒ်တစ်ခုကို နော်ဝှစ်ချ်က ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီချန်ပီယံရှစ်ရဲ့ ချန်ပီယံအသင်းဟာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းကို အိမ်ကွင်းမှာအလဲထိုးခဲ့တာဖြစ်ပါတယ်။ နော်ဝှစ်ချ်စီးတီးရဲ့ ပွဲထွက်ကစားသမားတွေထဲမှာ ဈေးအကြီးဆုံးကစားသမားတွေအဖြစ် တက်တေး၊ ဘူအမ်ဒီယာ နဲ့ စတိုင်ပါမန်းတို့ (၃)ဦးရှိနေခဲ့ပြီး တစ်ဦးချင်းစီအတွက် ပေါင်၁.၅သန်းသာ နော်ဝှစ်ချ်က သုံးစွဲခဲ့ရပါတယ်။

မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းတန်ဖိုးကတော့ ပေါင် ၄၀၆.၁သန်းအထိ ရှိခဲ့တယ်လို့ သိရပါတယ်။ အီတီဟတ်စ်အသင်းအနေနဲ့ ပွဲထွက်ကစားသမားတွေအတွက် တစ်ဦးကိုအနည်းဆုံး ပေါင်သန်း ၂၀ခန့် သုံးစွဲခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ လက်ရှိဈေးကွက်ပေါက်ဈေးမဟုတ်ပဲ ကစားသမားတွေကို ဝယ်ယူခဲ့စဉ်ကတန်ဖိုးကို အခြေခံပြီး တွက်ချက်ထားတာလည်းဖြစ်ပါတယ်။

နော်ဝှစ်ချ်ရဲ့ကစားသမားတန်ဖိုးဟာ မန်စီးတီးအသင်းကစားသမားတန်ဖိုးစုစုပေါင်းရဲ့ အစွန်းထွက်မှာသာ ရှိနေခဲ့တာလဲဖြစ်ပါတယ်။ ပေါင် ၆သန်းခွဲခန့်သာ တန်ကြေးရှိတဲ့ ကစားသမားတွေက ပေါင်သန်း ၄၀၀ကျော်တန်ဖိုးရှိတဲ့ ကစားသမားတွေကို အနိုင်ယူခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် ရှုံးချက်နာခဲ့ရတဲ့ ပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးအနေနဲ့လည်း ဇန်နဝါရီလနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့လည်း ငါးမှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အတွက် ရုန်းကန်ရတော့မှာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က