လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မသန်စွမ်း ၈၀,၀၀၀ ကျော်ရှိပြီး သူတို့ရဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့အတွက် စီစဉ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
ဒီလိုဆောင်ရွက်ရာမှာတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မသန်စွမ်းမှုအမျိုးအစားအလိုက် စာရင်းကောက်ခံထားပြီး မဲရုံကိုလာပေးမယ့် မသန်စွမ်းသူတွေအတွက် မဲရုံတွေနဲ့ လိုအပ်တဲ့အထောက်အကူပြုပစ္စည်းတွေကို ပြင်ဆင်ထားတယ်လို့စက်တင်ဘာလ ၂၀ရက်က ပြုလုပ်တဲ့ "၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနှင့်သတင်းမီဒီယာများ၏အခန်းကဏ္ဍ" အွန်လိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
ဓာတ်ပုံ-UEC Facebook (စက်တင်ဘာလ ၁၉ရက်က "၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏အခန်းကဏ္ဍ" အွန်လိုင်းဆွေးနွေးပွဲ ပထမနေ့ပြုလုပ်နေစဉ်)
"မသန်စွမ်းကိုမှ အမျိုးအစားအလိုက် မှတ်ချက်ပြုထားပါတယ်။ မျက်မမြင်ဆို မျက်မမြင်တွေအတွက် သီးခြားမဲရုံတွေပြင်ဆင်ထားတာရှိပါတယ် ။ မသန်စွမ်းဘယ်နှယောက်ရှိလဲ ၊ ဘယ်လိုမသန်စွမ်းလဲ အဲဒါတွေကို မှတ်တမ်းတင်ထားပြီး မဲရုံတွေမှာ သူတို့ မသန်စွမ်းသူတွေလာရောက်ပြီး လာရောက်ပြီး မဲပေးနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဝှီးချဲတွေလည်း အရံသင့်လုပ်ထားပါတယ် " လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။
ဒါ့အပြင် မဲရုံကို ကိုယ်တိုင်လာရောက်မယ့် မသန်စွမ်းမဲပေးသူတွေအနေနဲ့ မိဘ ညီအစ်ကိုမောင်နှမ သို့မဟုတ် ကိုယ့်စိတ်ကြိုက်ရွေးချယ်ထားတဲ့သူကို မိမိအတွက်အကူအညီပေးဖို့ခေါ်ဆောင်လာနိုင်သလို မဲရုံတာဝန်ကျသူတွေကလည်း မဲပေးနိုင်ရေးအတွက် ကူညီနိုင်တယ်လို့ သိရပါတယ်။ မဲရုံကိုမလာရောက်နိုင်တဲ့ မသန်စွမ်းသူတွေ ၊ သက်ကြီးရွယ်အိုတွေကိုတော့ ကြိုတင်ဆန္ဒမဲအနေနဲ့ ပေးနိုင်ဖို့ ဆောင်ရွက်ထားပြီး သက်ဆိုင်ရာရပ်ကျေးကော်မရှင်က လာရောက်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
"မသန်စွမ်းသူတွေ သက်ကြီးရွယ်အိုတွေက မဲရုံကို လာရောက်မဲမပေးနိုင်လည်းပဲ သူတို့ရှိတဲ့နေရာကို ၂ရက်အလိုမှာ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ကနေပြီး အိမ်တိုင်ရာရောက် သွားရောက်ပြီး ကြိုတင်မဲယူမှာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်သူတို့မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် စီစဉ်ဆောင်ရွက်ထားပါတယ် " လို့ ဦးမြင့်နိုင်က ပြောပါတယ်။
လက်ရှိပြန်လည်ပြုစုထားတဲ့ ဒုတိယအကြိမ် မဲစာရင်းအရ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲမှာတော့ မြန်မာတစ်ပြည်လုံးအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈သန်းကျော်ရှိလာမှာဖြစ်ပြီး ဒီထဲကမှ မသန်စွမ်းမဲဆန္ဒရှင် ၈၀,၀၀၀ ကျော်ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကနေ သိရပါတယ်။