ထွန်းထွန်းဟာ စင်ကာပူနိုင်ငံမှာပြုလုပ်မယ့် International Champion Cup 2019 ပွဲကြီးမှာ မန်ယူအသင်းကို ကိုယ်တိုင်ကိုယ်ကျ အားပေးခွင့်ရတော့မှာဖြစ်လို့ ပျော်ရွှင်နေတာ တွေ့ရပါတယ်။

Photo: Htin Aung Tun
ပရိသတ်အချစ်တော် ကိုကို ထွန်းထွန်းကတော့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ International Champion Cup 2019 ပြိုင်ပွဲကို ကိုယ်တိုင်သွားရောက်အားပေးနေပြီဖြစ်ပါတယ်။ သူကတော့ မန်ယူကို အားပေးမှာပါတဲ့။
‘’ဟဲ ဟဲ။ KKTT တော့ ရင်ခုန်နေပါပြီ။ ဒီတစ်ခါစင်ကာပူသွားရတာ အရင်တစ်ခေါက်တွေနဲ့ မတူဘူးလေ။ Man Utd ပွဲကို ကွင်းထဲမှာကိုယ်တိုင် သွားအားပေးရမှာ။ စင်ကာပူရောက်ရင် ကျွန်တော်မလုပ်ဖူးတာတွေ လုပ်ကြည့်ဖို့လည်း စိတ်ကူးထားတယ်။ KKTT စင်ကာပူမှာ ဘာတွေလုပ်မလဲဆိုတာ မှန်အောင် ခန့်မှန်းကြည့်လိုက်။ အခုတော့ Singapore Airlines နဲ့ ဇိမ်ကျကျ ဒိုးပြီ။ ဘိုင်းးးးးအီ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Htin Aung Tun
အဲဒီနောက် လေယာဉ်လက်မှတ်ဝယ်နေချိန်အတွင်းမှာလည်း စင်ကာပူ ခရီးစဉ်အတွက်အရမ်းကို စိတ်လှုပ်ရှားနေပြီဆိုတာကို ထွန်းထွန်းက Facebook မှာ Live လွှင့်ရင်း ပြောပြထားပါသေးတယ်။
‘’အခု မန်ယူပွဲ စင်ကာပူမှာရှိတယ်။ အဲဒါကိုသွားကြည့်ဖို့အတွက် အခုမနက် တက်ကြွစွာနဲ့ အစောကြီးနိုးခဲ့ရတာပါ။ မနက်ဖြန်ရော၊ ဒီနေ့ရော၊ ဒီညနေရော ရှိသမျှ အချိန်တော်တော်များများကို ဖေ့စ်ဘွတ်ပေါ်မှာ ၂၄ နာရီ Live လွှင့်နေပါမယ်။ မျက်စိနောက်မယ်လို့လည်း ကြိုပြောထားပါတယ်နော်။ ကျွန်တော်က အစကတည်းက ခရီးထွက်ရတာ အရမ်းကြိုက်တယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့ အသင်းကို သွားအားပေးရမှာဆိုတော့ ပျော်တယ်’’ လို့လည်း သူက ပြောပါတယ်။
Photo: Htin Aung Tun
အသင်းကြီးတွေရာသီကြို ပြင်ဆင်တဲ့အနေနဲ့ ယှဉ်ပြိုင်ကစားကြတဲ့ ICC ဖလားပြိုင်ပွဲကတော့ ဒီနှစ်မှာ စင်ကာပူနိုင်ငံမှာ ၂ ပွဲ ကစားမှာ ဖြစ်ပါတယ်။မန်ယူနဲ့ အင်တာမီလန်အသင်း၊ဂျူဗင်တပ်နဲ့စပါးအသင်းတို့ရဲ့ ပွဲစဉ်တွေကို စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီနှစ် ICC 2019 ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ပါဝင်လာပြီး တရုတ်၊အင်္ဂလန်၊ဆွီဒင်၊ဝေးလ်၊စင် ကာပူနဲ့အမေရိကန်နိုင်ငံတွေက အိမ်ရှင်အဖြစ် လက်ခံကျင်းပကြမှာ ဖြစ်ပါတယ်။ မန်ယူနဲ့ အင်တာမီလန်ပွဲကတော့ ဇူလိုင်လ၂၀ ရက်နေ့မှာ ကန်မှာ ဖြစ်ပါတယ်။
Photo: Htin Aung Tun
ထွန်းထွန်းက လက်ရှိမှာ “ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပါတယ်။ ထွန်းထွန်းဟာ အနုပညာလောကထဲကို Examplez အဆိုတော်အဖွဲ့ဝင် ထွန်းထွန်း အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ အဲဒီနောက် သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားရင်း အခုဆိုရင်တော့ ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ထွန်းထွန်းဟာ ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။