လက်စတာစီးတီးအသင်းနည်းပြ ကလောက်ပူရယ်က ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားလက်ထက် မန်ချက်စတာယူနိုက်တက်အသင်း ပြန်လည်ရှင်သန်လာခြင်းရဲ့နောက်ကွယ်မှာ ပေါ့ဂ်ဘာရဲ့ အကောင်းဆုံးပုံစံက အကြီးမားဆုံးအကြောင်းအရင်းဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်ချက်စတာယူနိုက်တက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ရက်ရှ်ဖို့ဒ် ဂိုးသွင်းယူနိုင်အောင် လှလှပပ ဖန်တီးပေးခဲ့တဲ့ ပေ့ါဂ်ဘာရဲ့ ပေးပို့မှုကို လက်စတာစီးတီးနည်းပြ ပူရယ်ကိုယ်တိုင် မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ပူရယ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၁၀ ပွဲဆက်နိုင်ပွဲရရှိထားမှုမှာ ပေါ့ဂ်ဘာက ဘယ်လောက်အထိ လွှမ်းမိုးမှုရှိတယ်ဆိုတာ ပြသနိုင်ခဲ့တာဖြစ်တယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“သူက မန်ယူအသင်းရဲ့နိုင်ပွဲတွေ နောက်ကွယ်မှာ ရှိနေသူပါ။ သူ အသင်းရဲ့ဦးဆောင်သူ ဖြစ်လာပြီး ပွဲစဉ်အတွင်းမှာ နံပါတ် ၁၀ ရဲ့အခန်းကဏ္ဍလိုမျိုး အရှိန်အဟုန်မြင့်မြင့်နဲ့ ကစားခဲ့ပါတယ်”
“သူ့ရဲ့ ပေးပို့မှုတွေ၊ သွင်းဂိုးတွေနဲ့ အဆုံးအဖြတ်ပေးနိုင်စွမ်းရှိပါတယ်။ သူ့နောက်မှာရှိတဲ့ အသင်းတစ်သင်းလုံးကို သူ ဆွဲခေါ်နိုင်ခဲ့ပါတယ်”လို့ Le Parisien ကို ပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီး ပေါ့ဂ်ဘာကို လူကပ်ကစားလို့မရတာဟာ ပြိုင်ဘက်နောက်ခံကစားသမားတွေအတွက် အိပ်မက်ဆိုးဖြစ်ခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။
“ခင်ဗျား သူ့ကို လူကပ်ကစားလို့မရဘူး။ သူက အရမ်းကို အစွမ်းထက်ပါတယ်။ ပင်နယ်တီဧရိယာထဲမှာ ခင်ဗျားကို အရူးလုပ်ပြီး ရှေ့ကို လျင်လျင်မြန်မြန်နဲ့ ပြေးသွားနိုင်ပါတယ်”
“ခင်ဗျား သူ့ကို တကယ်ကိုမရပ်တန့်နိုင်ပါဘူး။ နှစ်ဦးချင်း တွေ့ဆုံမှုမှာလည်း မဖြစ်နိုင်သလောက်နီးနီးပါ။ အဲဒါက ခင်ဗျား သူဘာလုပ်မလဲဆိုတာကို ဖတ်ဖို့ ကြိုးစားမယ်လို့ စိန်ခေါ်လိုက်တာပဲ။ သူ့မှာ ကောင်းမွန်တဲ့ အမြင်လည်းရှိပါတယ်”
“တစ်ချက် ဒါမှမဟုတ် နှစ်ချက်ထိပြီး အံ့အားသင့်စရာဂိုးဖန်တီးမှု ပြုလုပ်နိုင်ပါတယ်။ အထူးသဖြင့် နောက်တန်းတွေကိုကျော်ဖြတ်ပြီးပေ့ါ”လို့ ပြောကြားခဲ့ပါတယ်။
Share