မန်ချက်စတာယူနိုက်တက်အသင်းကို လက်ရှိအမေရိကန်အသင်းပိုင်ရှင် ဂလေဇာဆီကနေဝယ်ယူဖို့အတွက် ဆော်ဒီအာရေဗျတော်ဝင်မင်းသား ဘင်ဆယ်လ်မန်တစ်ယောက် အရှိန်မြှင့်ကြိုးစားလာပြီလို့ The Sun ကဖော်ပြထားပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နှစ်ဘောလုံးရာသီမှာ အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ အင်္ဂလန်မီဒီယာ The Sun က ရေးသားဖော်ပြထားပါတယ်။ အကြောင်းအရင်းကတော့ ဆော်ဒီအာရေဗျတော်ဝင်မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က မန်ချက်စတာယူနိုက်တက်ကိုဝယ်ယူဖို့ ပေါင် ၃.၈ဘီလီယံအထိ တိုးမြှင့်ကမ်းလှမ်းလိုက်လို့ပါ။ ဘင်ဆယ်လ်မန်ဟာ မန်ချက်စတာယူနိုက်တက်ကိုဝယ်ယူဖို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက ကမ်းလှမ်းမှုတွေလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ဖူးပါတယ်။
လက်ရှိအသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုဟာ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၇၉၀ သန်းနဲ့ ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး ဆော်ဒီမင်းသားရဲ့ကမ်းလှမ်းချက်အရရောင်းချဖို့အတွက် စိတ်ဝင်စားနေတယ်လို့လည်း The Sun ကဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ကမ်းလှမ်းထားတဲ့ ပေါင် ၃.၈ဘီလီယံဟာ မန်ယူအသင်း လာမယ့်နှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အပေါ်မူတည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရရင်အပြောင်းအလဲဖြစ်လာနိုင်တယ်လို့လည်း The Sun က ခန့်မှန်းဖော်ပြထားပါတယ်။
ဆော်ဒီအာရေဗျတော်ဝင်မင်းသား ဘင်ဆယ်လ်မန်ဟာ မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်ကို ပြိုင်ဆိုင်လိုတဲ့အတွက် မန်ယူကိုဝယ်ယူဖို့ကြိုးစားနေတာလို့လည်း သတင်းတွေကဖော်ပြနေပါတယ်။ အသက် ၃၃နှစ်အရွယ် ဘင်ဆယ်လ်မန်ဟာ ဆော်ဒီအာရေဗျ ဝန်ကြီးချုပ်လည်းဖြစ်ပြီး မန်ယူအသင်းပိုင်ရှင်ဖြစ်လာခဲ့ရင် ဆော်ဒီကို ကမ္ဘာလှည့်ခရီးသည်အမြောက်အများလာရောက်လည်ပတ်ဖို့ ဆွဲဆောင်နိုင်မယ်လို့မျှော်လင့်ထားပါတယ်။ ဆော်ဒီအာရေဗျတော်ဝင်မိသားစုဟာ ပေါင် ၈၅၀ဘီလီယံလောက်အထိ ကြွယ်ဝချမ်းသာပြီး ဖော်မြူလာဝမ်းကားပြိုင်ပွဲနဲ့ WWE ပြိုင်ပွဲတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုအချို့လုပ်ထားတယ်လို့ သိရပါတယ်။