လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အသင်းက ထွက်ခွာစေခဲ့ပြီးနောက် တိုက်စစ်အားမဖြည့်ခဲ့တဲ့ ယူနိုက်တက်က ဇန်နဝါရီမှာ တိုက်စစ်မှူးတစ်ဦးဝယ်ယူဖို့ ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။
အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Tuttosport ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး မန်ဇူကစ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့အတွက် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အသင်းက ထွက်ခွာစေခဲ့ပြီးနောက် တိုက်စစ်အားမဖြည့်ခဲ့တဲ့ ယူနိုက်တက်က ဇန်နဝါရီမှာ တိုက်စစ်မှူးတစ်ဦးဝယ်ယူဖို့ ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။
မန်ဇူကစ်ဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်အတွက် ပွဲထွက်ခွင့်လုံးဝမရရှိသေးသူဖြစ်ပါတယ်။ ဒ့ါအပြင် အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရပြီး နည်းပြဆာရီက ဟီဂူအင်၊ ဒီဘာလာနဲ့ ရော်နယ်ဒိုတို့ကိုသာ တိုက်စစ်ပိုင်းမှာ အသုံးပြုနေခဲ့ပါတယ်။ ဒီအတွက် မန်ဇူကစ်ကလည်း အသင်းရဲ့လုပ်ရပ်အပေါ် စိတ်ပျက်နေပြီး အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။
ဂျူဗီကလည်း မန်ဇူကစ်ကို ပြန်လည်ရောင်းချသွားဖို့ ဆုံးဖြတ်ထားပြီး ယူနိုက်တက်နဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့တာလို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ခရိုအေးရှားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ အပတ်အတွင်းကလည်း အသင်းမှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေခဲ့တယ်လို့ သိရပြီးနောက် သူ့ရဲ့တူရင်အနာဂတ်က ပိုမိုပြီး လှုပ်ခတ်လာခဲ့ပါတယ်။
ကာတာကလပ်အသင်းတစ်သင်းက မန်ဇူကစ်ကို တစ်နှစ်လုပ်ခ ပေါင် ၇ သန်းအထိ ပေးချေကာ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ဥရောပမှာပဲ ဆက်လက်ကစားချင်တာကြောင့် ငြင်းဆန်ခဲ့ပါတယ်။ မန်ဇူကစ်ကတော့ ဂျူဗီအတွက် ပြိုင်ပွဲစုံ ၁၆၂ပွဲအထိ ကစားပေးခဲ့ပြီး ၄၄ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဆိုးလ်ရှားအနေနဲ့ ဝါရင့်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူချင်နေပြီး မန်ဇူကစ်က အဓိကပစ်မှတ်ဖြစ်နေခဲ့တာပါ။