ချဲလ်ဆီးဂန္တဝင် ကစားသမားဟောင်း ပတ်နီဗင်က ပရိသတ်တွေအနေနဲ့ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်မရှိတော့တဲ့ အနာဂတ်အတွက် ငိုကြွေးနေတာကို ရပ်တန့်ပြီး ယူကရိန်းပြည်သူတွေအတွက်ပဲ ငိုကြွေးသင့်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတဲ့အကျိုးဆက်အဖြစ် ရုရှားသူဌေးတွေလည်း ကမ္ဘာ့အနှံ့မှာ အရေးယူပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပြီး အေဘရာမိုဗစ်ချ်လည်း အပါအဝင်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အေဘရာမိုဗစ်ချ်က ချဲလ်ဆီးကို ပေါင် (၃) ဘီလီယံနဲ့ ရောင်းချဖို့ ပြင်ဆင်ထားပါတယ်။ အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးကို (၂၀၀၃) တည်းက စတင်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သူပိုင်ဆိုင်ထားတဲ့ အတောအတွင်း အသင်းက ရနိုင်သမျှ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသင်းအပေါ်မှာလည်း အေဘရာမိုဗစ်ချ်က စေတနာအပြည့်ရှိခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။
အဲ့ဒါကြောင့်လည်း အခုလိုအေဘရာမိုဗစ်ချ် အသင်းကိုရောင်းချတော့မယ့်အပေါ် ချဲလ်ဆီးပရိသတ်တွေက ဝမ်းနည်းနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ပတ်နီဗင်ကတော့ “ချဲလ်ဆီးပရိသတ်တွေက အသင်းရှေ့ဆက်ရမယ့် အနာဂတ်အပေါ် စိုးရိမ်ပူပန်နေကြပါတယ်။ ဒါပေမယ့် အသင်းက ဆက်လက်ရှင်သန်သွားမှာဖြစ်ပြီး အဲ့ဒီရှုထောင့်ကနေ ကြည့်ရပါမယ်”
“ဒါက ဘောလုံးအသင်းတသင်းဖြစ်ပြီး ကစားပွဲတခုသာသာပါပဲ။ အခုချိန်မှာ ပိုမိုကြီးမားတဲ့ငါးတွေကို ကြော်နိုင်ဖို့ အခွင့်အရေးရှိပါတယ်။ ချဲလ်ဆီးက ကံကောင်းပြီး ချမ်းသာတဲ့ပိုင်ရှင်ကို ရနိုင်တယ်လေ။ ဘာစီလိုနာတို့၊ ရီးရဲယ်မက်ဒရစ်တို့ ဘာဖြစ်ခဲ့လဲဆိုတာကို ကြည့်လိုက်ပါဦး။ သူတို့လည်း နိမ့်မြင့်တက်ကျကို ခံစားခဲ့ရတာပဲလေ”
“ဒီအပေါ်မှာလည်း ရီးရဲယ်မက်ဒရစ် ပရိသတ်တွေက နားလည်ကြပါတယ်။ ခင်ဗျားတို့ ငိုချင်းချနေတာကို ရပ်ကြပါတော့။ ဘာလို့လဲဆိုတော့ မျက်ရည်ကျသင့်တာက ကမ္ဘာရဲ့အခြားတနေရာမှာပါ။ အသင်းက အကျိုးအမြတ်ရှိရှိနဲ့ ရောင်းချနိုင်ပြီး ယူကရိန်းပြည်သူတွေကို ကူညီနိုင်မယ်ဆိုရင် ကောင်းပါတယ်”
“အသင်းက နောက်ပိုင်းနှစ်တွေမှာ လိုအပ်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အေဘရာမိုဗစ်ချ်က သူ တသက်လုံး ဒီအသင်းမှာ မရှိနိုင်ဘူးဆိုတာကို သိထားပြီးသားမို့လို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။