စစ်ကိုင်း၊ မုံရွာမြို့ ကွေ့ကြီးရပ် ၊နယ်မြေ၂ ၊သာယာလမ်း ကနေအိမ်တစ်အိမ် ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၄ နာရီ ၄၀ မှာ မီးလောင်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်အတွင်း သေဆုံးခဲ့ရသူက လေဖြတ်ဝေဒနာခံစားနေရတဲ့ အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ လူသေဆုံးမှုနဲ့အတူ နေအိမ်တစ်ထပ်တိုက်တစ်လည်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ - MFD
"ဖြစ်တာမနက်စောပေါ့ ၊သာယာလမ်း ကုန်စုံဆိုင် နောက်ကြောလမ်းကြားက အိမ်လောင်တာ။ အိမ်က တိုက်အိမ်ပဲ ။ အဲ့ဒီအိမ်က နေမကောင်းနေတဲ့သူတစ်ဦး သေသွားတယ်လို့သိရတယ် " လို့ မုံရွာဒေသခံတစ်ဦးကပြောပါတယ်၊
မီးလောင်မှုနဲ့ပတ်သက်ပြီး နေအိမ်မှာထမင်းအိုးတည်ရင်း နံရံမီးကူးပြီး လောင်ကျွမ်းတာ ဖြစ်တယ်လို့ သက်ဆိုင်ရာမီးသတ်ဦးစီးဌာနရဲ့ ပြောဆိုချက်အရသိရပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုကိုတော့ မုံရွာခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးက ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၅ မိနစ်အချိန်မှာ မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။