မိုးမောက်က လူနာ နံပတ် (၂၄၉)နဲ့ ထိတွေ့ခဲ့တဲ့ ကျောင်းဆရာက မြစ်ကြီးနားမှာစာစစ်တာဝန်ကျနေတဲ့ ကျောင်းဆရာတစ်ဦးဖြစ်တာကြောင့် ဆရာနဲ့အတူ အခန်းဖော်ကို ဆေးရုံမှာ Quarantineထားရှိထားပါတယ်။
မြစ်ကြီးနား စာစစ်ဌာနမှာတာဝန်ကျတဲ့ ကျန် ဆရာ၊ ဆရာမ (၈၁)ဦးကို နေထိုင်ရာ အဆောင်တွေမှာပဲ အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ်။
“ ကျွန်တော့်ဆီက ဆရာတစ်ဦးက COVID လူနာနဲ့ထိတွေ့ထားတော့ သူနဲ့အတူ အခန်းဖော်ကိုတော့ ဆေးရုံပို့ပြီး Hospital Quarantineထားထားတယ်။ အိပ်ဆောင်မှာနေတဲ့ ဆရာ (၅၆)ဦးနဲ့ စာအတူစစ်ရတဲ့ ဆရာမ (၂၅)ဦး စုစုပေါင်း (၈၁)ဦးကိုလည်း အဆောင်မှာပဲ အသွားအလာကန့်သတ်ထားတယ်။လူနာနဲ့ ထိတွေ့ထားတဲ့ ဆရာနဲ့ သူ့အခန်းဖော်ကိုတော့ ဓာတ်ခွဲစစ်ဆေးမယ် သူတို့ရဲ့အဖြေပေါ်မူတည်ပြီး ကျန်တဲ့ဆရာ ဆရာမတွေကိုလည်း လုပ်ဆောင်သင့်တာ လုပ်ဆောင်သွားမယ်”လို့ မြစ်ကြီးနား တက္ကသိုလ် ပေါမောက္ခ ဒေါက်တာအောင်ဝင်းက Duwunကိုပြောပါတယ်။
ဆယ်တန်းဖြေလွှာတွေကို ဇွန်လ(၅)ရက်နေ့က စတင်စစ်ဆေးတာဖြစ်ပြီး မြစ်ကြီးနားတက္ကသိုလ်စာစစ်ဌာနမှတော့ တစ်ဘာသာပဲ စစ်ဆေးဖို့ကျန်တော့တယ်လို့သိရပါတယ်။ ကျန်ရှိတဲ့ ဘာသာကိုလည်း ဆရာ၊ ဆရာမတွေအနေနဲ့ အဆောင်ထဲမှာ စစ်ဆေးနိုင်အောင်လုပ်ထားတယ်လို့ ဆိုပါတယ်။
စာစစ်ကဏ္ဍပြီးသွားရင်တောင် ဆရာ ဆရာမတွေကိုအိမ်ပြန်မလွှတ်သေးဘဲ ဓာတ်ခွဲစစ်ဆေးထားသူ ဆရာနှစ်ယောက်ရဲ့ ဓာတ်ခွဲအဖြေ Negative ထွက်မှ နေရပ်အသီးသီးကို ပြန်လွှတ်မှာဖြစ်တယ်လို့ ဒေါက်တာ အောင်ဝင်းကပြောပါတယ်။
လူနာနံပါတ် (၂၄၉)နဲ့ ခင်ပွန်းဖြစ်သူတို့က ရောဂါပိုးမတွေ့ရှိခင် သူငယ်ချင်းဖြစ်သူ ကျောင်းဆရာရဲ့ နေအိမ်မှာ တည်းခိုနေထိုင်ခဲ့သူတွေပါ။
ကျောင်းဆရာက စာစစ်မှာတာဝန်ကျနေသူတစ်ဦးဖြစ်တာကြောင့် ကျန်တဲ့ဆရာ၊ဆရာမတွေကိုပါ ကူးစက်မှုမရှိအောင် အသွားအလာတွေကန့်သတ်မှုအပါအဝင် ကာကွယ်ရေးလုပ်ငန်းတွေကိုတော့ ကနဦးဆောင်ရွက်ထားတယ်လို့သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရတော့ ရက်ပေါင်း(၂၀)လောက်အတွင်းမှာ လူနာနံပါတ်(၂၄၉)နဲ့ထိတွေ့ခဲ့သူ တစ်ထောင်ဝန်းကျင်ခန့်ရှိတယ်လို့လည်းသိရပါတယ်။