သိပ္ပံပညာရှင်တွေက ဂရင်းလန်း (Greenland) ကမ်းရိုးတန်း ကမ်းလွန်မှာ ကမ္ဘာ့မြောက်ဘက်စွန်းအကျဆုံးဖြစ်တယ်လို့ ၎င်းတို့ ယုံကြည်တဲ့ ကျွန်းတစ်ကျွန်းကို ကံကောင်းပြီး ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သိပ္ပံပညာရှင်အုပ်စုက ၁၉၇၈ ခုနှစ်မှာ စတင်သိရှိထားခဲ့ကြတဲ့ Oodaaq ကျွန်းသို့ လေ့လာမှုပြုရန် ထွက်ခွာလာခဲ့ကြပါတယ်။ ထို့နောက် သိပ္ပံပညာရှင်အုပ်စုဟာ ၎င်းတို့ ရောက်ရှိနေရာကို အာတိတ်ကျွန်းများ မှတ်တမ်းတင်ရေးဆိုင်ရာ ဒိန်းမတ်အာဏာပိုင်အဖွဲ့နဲ့အတူ စစ်ဆေးကြည့်ခဲ့ရာမှာ ကမ္ဘာ့မြောက်ဘက်စွန်းပိုင်းထက် နောက်ထပ် ၂,၆၂၅ ပေ (၈၀၀ မီတာ) အကွာကို ရောက်ရှိနေခဲ့ကြတာ တွေ့ရပါတယ်။
၎င်းတို့ ရောက်ရှိနေခဲ့ကြတဲ့ ၁၉၇ ပေ X ၉၈ ပေ အကျယ်အဝန်းရှိတဲ့ ထိုကျွန်းငယ်လေးဟာ မြောက်ဝင်ရိုးစွန်းနဲ့ အနီးဆုံးနေရာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ယခုတွေ့ရှိရတဲ့ ကျွန်းငယ်လေးဟာ ဂရင်းလန်းကျွန်း ကမ်းလွန်းမှာတည်ရှိပြီး ဒိန်းမတ်နဲ့ ဆွစ်ဇာလန် ပူးပေါင်းလုပ်ဆောင်တဲ့ သုတေသနပြု လေ့လာမှုအတွင်း ကမ္ဘာ့မြောက်ဘက်စွန်းအကျဆုံး နေရာဖြစ်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ထိုလေ့လာမှုမှာ ပါဝင်ခဲ့သူ ကိုပင်ဟေဂင်တက္ကသိုလ် Arctic Station in Greenland ရဲ့ သိပ္ပံဆိုင်ရာခေါင်းဆောင် Morten Rasch က BBC သတင်းဌာနကို ပြောပါတယ်။
(Photo: Julian Charriere/Reuters)
ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်တဲ့ ဂရင်းလန်းကျွန်းဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်ပြီး ဒိန်းမတ်နိုင်ငံနဲ့ သက်ဆိုင်ပါတယ်။ Morten Rasch အပါအဝင် သိပ္ပံပညာရှင် ၆ ဦးပါ အဖွဲ့တစ်ဖွဲ့ဟာ မူလက Oodaaq ကျွန်းမှာ လေ့လာမှုပြုလုပ်ရန် ရဟတ်ယာဥ်ငယ်တစ်စီးဖြင့် ထွက်ခွာလာခဲ့ကြပြီး မြေပုံအတိုင်းတည်နေရာကို ရောက်ရှိခဲ့ကြပေမဲ့ကျွန်းကိုရှာမတွေ့နိုင် ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၎င်းတို့ရောက်ရှိနေတဲ့ တည်နေရာကဲ့သို့ ကမ္ဘာ့နေရာတွေအတွက် မြေပုံတွေက အလွန်တိကျမှန်ကန်တာမျိုး မရှိခဲ့ဘူးလို့ Morten Rasch က သုံးသပ်ပါတယ်။ "ဒါနဲ့ပဲ ကျွန်တော်တို့လည်း ကျွန်းကိုရှာဖွေဖို့ စခဲ့ကြတာပေါ့၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ မိနစ်အနည်းငယ်မျှကြာပြီးတဲ့နောက် ကျွန်တော်တို့ သိပ်မရင်းနှီးတဲ့ နေရာတစ်ခုကို ရောက်ခဲ့ကြတယ်" လို့ ၎င်းက ဆိုပါတယ်။
"ဒီနေရာကို စူးစမ်းလေ့လာပြီး ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးမှုအများအပြား လုပ်ပြီးတဲ့နောက် ကျွန်တော်တို့ဟာ ကမ္ဘာ့မြောက်ဘက်စွန်းအကျဆုံး ကျွန်းကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ကြပြီဆိုတာ သိလိုက်ရပါတယ်" လို့ Morten Rasch က BBC ကို ပြောပါတယ်။ ယခုအခါ သိပ္ပံပညာရှင်တွေက ထိုကျွန်းကို Qeqertaq Avannarleq လို့ အမည်သတ်မှတ်လိုကြပြီး "မြောက်ဘက်အစွန်ဆုံးကျွန်း" လို့ အဓိပ္ပါယ်ရပါတယ်။ ယခင်က Oodaaq ကျွန်းကို ကမ္ဘာ့မြောက်ဘက်စွန်းအကျဆုံး နေရာအဖြစ် သိမှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။